နိုဝင်ဘာ ၆ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ ကျားဖြန့်ရုံများ နှိမ်နင်းခံရပြီးနောက် ထိုင်း-မြန်မာနယ်စပ်တွင် သောင်တင်နေသော အိန္ဒိယနိုင်ငံသားများကို ယနေ့ နံနက်ပိုင်းတွင် အိန္ဒိယလေတပ်၏ စစ်လေယာဉ်များဖြင့် မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းသို့ လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ သောင်တင်နေသော အိန္ဒိယနိုင်ငံသားများကို နယူးဒေလီအစိုးရမှ ပြန်လည်ခေါ်ဆောင်မည်ဟု ထိုင်း ဝန်ကြီးချုပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေငြာအပြီး ယခုအစီအစဉ်ကို ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များက လက်ခံထိန်းသိမ်းထားသော အိန္ဒိယနိုင်ငံသားများအနက် ၁၃၅ ဦးကို နံနက် (၉:၀၈) နာရီတွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ ထို့နောက် နေ့လည် (၁၁:၃၄) နာရီတွင် နောက်ထပ် ၁၃၅ ဦးကို ဒုတိယအကြိမ်အဖြစ်ဖြင့် စုစုပေါင်း ၂၇၀ ဦးအား Indian Air Force လေယာဉ်ဖြင့် မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် နယူးဒေလီသို့ တိုက်ရိုက် ခေါ်ဆောင်မည်ဖြစ်သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် ငွေလိမ်ဂိုဏ်းလုပ်ငန်းမှ တိမ်းရှောင်လာသော အိန္ဒိယနိုင်ငံသားကို နေရပ်ပြန်ရေး စီစဥ်နိုင်ရန် လဝက စစ်ဆေးရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနနှင့်အတူ အိန္ဒိယသံအမတ်များလည်း တွေ့ဆုံခဲ့ကြသည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
KK Park ကျားဖြန့်ရုံများဖြိုခွင်းခံရပြီးနောက် ငွေလိမ်ဂိုဏ်းများက နိုင်ငံခြားသားများကို နယ်ခြားစောင့်တပ် -BGF အဖွဲ့ အစီအစဥ်ဖြင့် ခေါ်ထုတ်နေသလို ထိုင်းနိုင်ငံဘက်ခြမ်းသို့လည်း တိမ်းရှောင်လာသူများရှိနေသည်။ ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ နိုင်ငံပေါင်း ၂၀ ကျော်မှ လူပေါင်း ၂၀၀၀ ကျော်က ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။


















