Home သတင်း ဒီးမော့ဆိုရှိ ကရင်နီရဲဌာန ရုံးကို စစ်တပ် ဗုံးကြဲ ၄ ဦး သေဆုံး

ဒီးမော့ဆိုရှိ ကရင်နီရဲဌာန ရုံးကို စစ်တပ် ဗုံးကြဲ ၄ ဦး သေဆုံး

358
Photo: Social Media

နိုဝင်ဘာ ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ နယ်၊ အနောက်ဘက်ခြမ်းရှိ ကရင်နီရဲဌာန(KSP) ၏ ရုံးခန်းကို စစ်တပ်က နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကာမီကာဇေ အသေခံဒရုန်း၊ Y-12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဒေသခံနှင့် ကရင်နီပြည်ရဲဌာ တပ်ဖွဲဝင် အပါအဝင် ၄ ဦးသေဆုံးသွားသည်ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင် က အတည်ပြုပြောသည်။

အဆိုပါ ဗုံးကြဲမှုအတွင်း ကရင်နီပြည်ရဲဌာန ရုံးခန်းတစ်ခုလုံး မီးလောင်ပျက်စီးခဲ့းပြီး ကားများလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း ဗညားခွန်အောင်က ယခုလို ပြောသည်။

“မနေ့က ဖြစ်သွားတာပါ။ အရပ်သားထိခိုက်သေဆုံးမှုရော၊ ရဲတပ်ဖွဲဝင်ထဲက သေဆုံးမှုတွေရှိခဲ့ပါတယ်။ သေဆုံးတဲ့အထဲမှာ အမျိုးသမီးတစ်ယောက်လည်း ပါတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

လက်ရှိတွင် ဒီးမော့ဆိုမြိုနယ်အတွင်း စစ်ကြောင်းများ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာပြီးနောက် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် လူသားခြင်းစာနာ ထောက်ထားမှု အကူညီများ လိုအပ်နေသည်ဟု သိရသည်။

ထိုအပြင် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ စစ်ကြောင်းမထိုးမှီ အများပြည်သူ နေအိမ်များကို မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး တစ်လအတွင်း နေအိမ် ၂၉ လုံး ထိခိုက်ပျက်စီး ခဲ့သလို ဘာသာရေးအဆောက်အအုံတစ်ခုလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ ကရင်နီပြည်နယ်နှင့် ကယန်းဒေသတွင်တိုက်ပွဲ အကြိမ်ရေ ၁,၄၅၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၄,၀၀၀ ဦး သေဆုံးခဲ့ပြီး အရပ်သား ၈၀၀ ဦး ကျော် သေဆုံးခဲ့ကြောင်းသိရသည်။