Home သတင်း တနင်္သာရီမြို့နယ် လေးမိုင်းရွာနှင့် အနီးရှိရွာများမှ စစ်ရှောင်များ စားစရာ ပျက်လပ်

တနင်္သာရီမြို့နယ် လေးမိုင်းရွာနှင့် အနီးရှိရွာများမှ စစ်ရှောင်များ စားစရာ ပျက်လပ်

225
Photo: နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီထောက်ပံ့ရေး

နိုဝင်ဘာ ၄ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာနှင့် အနီးရှိကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင်များ စားစရာ ပျက်လပ်နေပြီး ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

လေးမိုင်ရွာအနီး ဝန်းကျင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ လကုန်ပိုင်းလောက်မှ စတင်၍ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်များ နှစ်ဘက် တိုက်ပွဲများ ယနေ့ချိန်ထိ ဖြစ်ပွားလျက်ရှိသည်။

ယခုလို တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သလို စားစရာပျက်လပ်နေပြီး အရေးပေါ် ရိက္ခာများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“စစ်ဘေးရှောင်တွေက တချိုတလေလောက်ဘဲ စားသောက်စရာ ပစ္စည်းတွေပါတာ။ ဘာမှမပါဘဲ ပြေးလာကြတဲ့ သူတွေများတယ်။ ယာယီစစ်ဘေးလာရှောင်တဲ့ သူတွေလည်း ရှိတယ်။ အခုချိန်ထိ တော့နေရပ်မပြန်နိုင် ကြသေး ဘူး။ လေးမိုင်ရွာအပြင်ကိုမှ အဲ့တဝိုက်က ကျေးရွာလေးရွာလောက် ရှိပါတယ်။ စစ်ဘေးရှောင်တွေက။ အခုကမိုးလည်း ရွာနေတော့ အမိုးအကာ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီ၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သေးသည်ဟု တနင်္သာရီမြိုနယ်မှ စစ်ဘေးရှောင်များနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးက ပြောဆိုသည်။

“အခုက ဒေသခံ တော်တော်များများက နေရပ်မပြန်ရဲကြဘူး။ လက်နက်ကြီးကို ကြောက်ကြတယ်။ ပြီးတော့ ဒရုန်းလည်း ပါတယ်။ အဲ့တာတွေကြောင့် စစ်ဘေးရှောင်စခန်းမှာ နေကြရင်း အစားအသောက် မလုံလောက်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တနင်္သာရီ မြို့နယ်တွင် ရက်ရှည်တိုက်ပွဲဖြစ် ပွားမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ယခုလအတွင်း ဒေသခံပြည်သူ ၂၁,၀၀၀ နီးပါး ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု FE5 Thanintharyi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။