Home သတင်း စစ်အုပ်စု ဒရုန်းတိုက်ခိုက်မှုနှင့် မီးရှို့ မှုတို့ကြောင့် မြို့နယ်နှစ်ခုတွင် ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ် ၆၂ လုံးပျက်စီး

စစ်အုပ်စု ဒရုန်းတိုက်ခိုက်မှုနှင့် မီးရှို့ မှုတို့ကြောင့် မြို့နယ်နှစ်ခုတွင် ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ် ၆၂ လုံးပျက်စီး

352
Photo: KNU

နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ တပ်မဟာ (၃) နယ်မြေရှိ ကျောက်ကြီးမြို့နယ်နှင့် တပ်မဟာ (၄) နယ်မြေရှိ ကစယ်ဒိုမြို့နယ်သို့ စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း တိုက်ခိုက်မှု နှင့် နေအိမ်မီးရှို့များ လုပ်ဆောင်သောကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး နေအိမ် ၆၂ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကေအဲန်ယူ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းကျေးရွာရှိ စစ်အုပ်စုတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အင်းထဲ၌ ငါးရှာစားနေသည့် နိုညာသူရွာနေ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦး ဗုံးစ ထိမှန်ပြီး သေဆုံးခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ (၂၁) ရက်နေ့တွင်လည်း စစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ- ၃၉၇) တပ်ရင်းမှ ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ရာ သဲဖြူရွာသစ်ထဲသို့ ကျရောက်ပေါက်ကွဲပြီး ၎င်းကျေးရွာအတွင်းရှိ အရပ်သားပြည်သူပိုင် နေအိမ် (၁) လုံးနှင့် ခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ပြောသည်။

စစ်အုပ်စုတပ်၏ ယခုလို အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် ရုန်းကန်နေထိုင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

အလားတူ ဘိတ်-ထားဝယ်ခရိုင်ရှိ ကစယ်ဒိုမြို့နယ်အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်က မင်းဒပ် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ နေအိမ် ၆၁ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဗဟို၏ နိုဝင်ဘာလ ၂၆) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ကစယ်ဒိုမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံသောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် လူသား ချင်း စာနာမှု အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီနေသူများက ပြောဆိုသည်။

KNU ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စု၏ကျေးရွာများ ပစ်မှတ်ထားကာ လေကြောင်း၊ လက် နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး ထိခိုက်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်၏ ဖော်ပြချက်အရ သိရသည်။