နိုဝင်ဘာ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာလတစ်လအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်မှ ကျေးရွာများအတွင်းသို့ ထိုးစစ်ဆင်ဝင်ရောက်မှုများကြောင့် အမျိုးသမီး (၇၀) ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ ထုတ်ပြန်လိုက်သည်။
စစ်အုပ်စုတပ်ဖွဲ့ဝင်များကြောင့် အောက်တိုဘာလ (၁) ရက်မှ (၃၁) ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ အမျိုးသမီး (၇၀) ဦး သေဆုံးပြီး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၈၀) ဦး အထိရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ပြုစုထားသော စာရင်းများအရ သိရသည်။
မြန်မာအမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သေဆုံးခဲ့သည့် အမျိုးသမီး (၇၀) ဦး တို့မှာ စစ်အုပ်စု တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၅၆) ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် (၈) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁) ဦး နှင့် ဖမ်းဆီးသတ်ဖြတ်ခံရသူ (၅) ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့ထဲတွင် အသက်မပြည့်သေးသည့် (၁၈) နှစ်အောက်ကလေးများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီး (၈၀) ဦး တွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၆၇) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၃) ဦး နှင့် မတရား သတ်ဖြတ်ခံရမှုကြောင့် (၁) ဦး နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကြောင့် (၄) ဦး ပါဝင်နေသည်ဟု BWU က ပြောသည်။
မြန်မာနိုင်ငံအနှံ့တွင် သေဆုံးခဲ့သော အမျိုးသမီးများမှာ ရှမ်းပြည်နယ်တွင် (၂၃) ဦး၊ မန္တလေးတိုင်း ဒေသကြီးတွင် (၁၃) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၀) ဦး၊ ချင်းပြည်နယ်တွင် (၃) ဦး၊ မကွေးတိုင်း ဒေသကြီးတွင် (၃) ဦး၊ ရခိုင်ပြည်နယ်တွင် (၂) ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၄) ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် (၅) ဦး၊ ကရင်ပြည်နယ်တွင် (၃) ဦး၊ မွန်ပြည်နယ်တွင် (၃) ဦး နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် (၁) ဦး တို့ ဖြစ်ကြောင်း BWU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
BWU အနေဖြင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကို လွတ်လပ်သည့် သတင်း ဌာနများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ စုဆောင်းကောက်နုတ်ထားခြင်းဖြစ်ပြီး မြေပြင်ပကတိအခြေအနေမှာ ယခုထက် ပိုများနိုင်သည်ဟု ဆိုသည်။
နိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ထားသည့် အချက် အလက်များအရ စစ်အုပ်စုတပ်မှ အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ ၂၀၂၅ နိုဝင်ဘာလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူ (၇၄၄၄) ဦး အထိ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဖော်ပြထားသည်။
မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ကို ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အမျိုးသမီး ခေါင်းဆောင်များက အလွှာပေါင်းစုံရှိ အမျိုးသမီးများ၏ အသံကို ဖော်ကျူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဖွဲ့သည် လစဉ်အမျိုးသမီးရေးရာသတင်းများ၊ သုံးသပ်ချက်များနှင့် မြန်မာအမျိုးသမီး အခွင့်အရေး ကာကွယ်ရေးဆိုင်ရာနှင့် ပတ်သက်သော အစီရင်ခံစာများကို ထုတ်ပြန်လေ့ရှိသည်။


















