Home သတင်း စစ်အာဏာရှင် ချုပ်ငြိမ်းရေး သံလွင်ကမ်ပိန်းတွင် ပြည်သူအားလုံးပါဝင်ရန် KNU တိုက်တွန်း

စစ်အာဏာရှင် ချုပ်ငြိမ်းရေး သံလွင်ကမ်ပိန်းတွင် ပြည်သူအားလုံးပါဝင်ရန် KNU တိုက်တွန်း

489

နိုဝင်ဘာလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင် စနစ်တစ်ခုလုံး ချုပ်ငြိမ်းရေးအတွက် လက်ရှိ ပြည်တွင်းက ကရင်ခေါင်းဆောင်များနှင့် နိုင်ငံအသီးသီးရှိ ကရင်ကိုယ်စားလှယ်များ ဦးဆောင်ပြုလုပ်သော သံလွင်ကမ်ပိန်းတွင် ပြည်သူအားလုံး တော်လှန်ပါဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောကလယ်စေးက တိုက်တွန်းလိုက်သည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူများ၏ အဓိက ပံ့ပိုးမှုဖြင့် တော်လှန်ရေးကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ကြိုးစားနေချိန်တွင်လည်း ၎င်းတို့၏ ပံ့ပိုးပါဝင်မှုကို အားထားနေရကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ကျင်းပသည့် ကမ်ပိန်းဖွင့်ပွဲ အခမ်းအနား၌ KNU ပြောခွင့်ရသူက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပဒိုစော ကလယ်စေးက “စစ်အာဏာရှင် ချုပ်ငြိမ်းဖို့ ဘယ်သူ့ကိုမှ၊ ဘယ်လူတန်းစားကိုမှ၊ ဘယ်လူမျိုးကိုမှ အကျိုးမပေးတဲ့ စစ်အာဏာရှင် ပပျောက်ဖို့ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းပြီး အတူတကွ တိုက်ပွဲဝင်သွားဖို့ လိုအပ်တယ်” ဟု ပြောသည်။

ထို့အပြင် အာဏာရှင်ကို တော်လှန်ရာတွင်လည်း စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း၊ တကွဲတပြား ဖြစ်နေမည်ဆိုလျှင် မိမိတို့ မျှော်မှန်းထားသည့် စစ်အာဏာရှင်လက်အောက်ခံ ဘဝမှ လွတ်မြောက် နိုင်မည် မဟုတ်ကြောင်းလည်း ပဒိုစောကလယ်စေးက ထည့်သွင်း ပြောဆိုခဲ့သည်။

ဆက်လက်၍ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ၊ တန်းတူအခွင့်အရေးနှင့် ဖက်ဒရယ်စနစ် လိုလားသည့် တိုင်းရင်းသားများသည် တော်လှန်ရေးနယ်မြေများသို့ ရောက်ရှိကာ ဆန့်ကျင်တိုက်ပွဲဝင်နိုင်ခဲ့သည့်အတွက် စစ်အာဏာရှင်မှာ စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာရေးရာအရ ကျရှုံးမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၎င်းအခြေအနေများကြောင့် အာဏာသိမ်း စစ်တပ်သည် နိုင်ငံတကာဆီသို့ အကူအညီ တောင်းခံခဲ့သလို လာမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် အာဏာသိမ်းမှုမှ တရားဝင်အစိုးရအဖြစ် ရွေးကောက် ပွဲပြုလုပ်နိုင်ရေးကို နိုင်ငံတချို့၏ တိုက်တွန်းချက်များ ပါဝင်ခဲ့ကြောင်း ပဒိုစောကလယ်စေးက ဆိုသည်။

“တချို့သော နိုင်ငံတွေရဲ့ ပံ့ပိုးမှုအပေါ် ကျနော်တို့ သေသေချာချာ သတိထားဖို့ လိုပါတယ်။ ဒါက သူတို့ နိုင်ငံတကာရဲ့ အားကို ရယူပြီး ကျနော်တို့ တော်လှန်ရေးကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ လုပ်ရပ်တွေ ဖြစ်တယ်” ၎င်းက ဟု ပြောသည်။

သံလွင်ကမ်ပိန်းသည် သံလွင်မြစ်နယ်တလျှောက်နှင့် အခြားဒေသများတွင် နေထိုင်သည့် ပြည်သူများကို လေယာဉ်ဗုံးနှင့် လက်နက်ကြီးဖြင့် အသုံးပြု တိုက်ခိုက်မှုမှ ကာကွယ်ပေးနိုင်ရေး၊ စစ်အုပ်စု၏ လေယာဉ်၊ ဒရုန်း ဝင်ရောက်စီးနင်းမှုများကို ရှောင်ရှားနိုင်ရေးနှင့် လိုအပ်သော နည်းပညာစွမ်းရည်များကို မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် အထောက်အကူများ ပံ့ပိုးနိုင်ရန် ရံပုံငွေ ရှာဖွေသည့် အစီအစဉ်တစ်ခု ဖြစ်သည်။

ထို့အတူ အာဏာသိမ်း စစ်တပ်က ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဒေသတွင်း လိုအပ်သည့် ငြိမ်းချမ်းရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် တည်ဆောက်ရန်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကမ်ပိန်း၏ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

အဆိုပါ သံလွင်ကမ်ပိန်း (Salween Campaign) အစီအစဉ်ကို နိုဝင်ဘာလ (၁) ရက်မှ စတင်၍ ဒီဇင်ဘာလ (၁၅) ရက်နေ့အထိ (၄၅) ရက်တာ လှုပ်ရှားမှုအစီအစဉ် လုပ်ဆောင်မည်ဖြစ်သည်။ ကမ်ပိန်းအစီအစဉ်အတွက် မျှော်မှန်း ရံပုံငွေ ဘတ်ငွေ (၅) သန်းရရှိရန် လျာထားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။