Home သတင်း စစ်တပ်နှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်များ၏ ကမ်းဘေးကုန်ကူးဂိတ်များကို စစ်တပ်က ပိတ်ခိုင်း၊ မြဝတီကုန်သွယ်ရေးဇုန် ပြန်ဖွင့်ရန် ပြင်ဆင်နေ

စစ်တပ်နှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်များ၏ ကမ်းဘေးကုန်ကူးဂိတ်များကို စစ်တပ်က ပိတ်ခိုင်း၊ မြဝတီကုန်သွယ်ရေးဇုန် ပြန်ဖွင့်ရန် ပြင်ဆင်နေ

411
Photo: CJ

နိုဝင်ဘာ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ သောင်ရင်းမြစ်ကမ်း တလျှောက်ရှိ စစ်တပ်နှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်အဖွဲ့ များ၏ နယ်စပ်ကုန်ကူးဂိတ် စခန်းနေရာများကို စစ်တပ်က ပိတ်ခိုင်းထားပြီး မြဝတီ ကုန်သွယ်ရေး ဇုန် ပြန်ဖွင့်ရန် ပြင်ဆင်နေသည်ဟု လက်နက်ကိုင် တပ်ဖွဲ့ဝင် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်း တလျှောက်တွင် ကရင်နယ်ခြားစောင့် တပ်(BGF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)နှင့် ကရင် ငြိမ်းချမ်းရေးကောင်စီ (PC) တို့က လှေဂိတ်များ ဖွင့်၍ ကုန်စည်များ သယ်ပို့နေခြင်း ဖြစ်သည်။

ထိုဂိတ်များကို စစ်တပ်က နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပိတ်ခိုင်းထားသည့် အတွက် ယနေ့ နိုဝင်ဘာ ၃ ရက်နေ့ထိ ကမ်းကူးဂိတ်များ ပိတ်ထားဆဲ ဖြစ်သည်ဟု မြဝတီကုန်သည် သတင်းရင်းမြစ်များက ပြောသည်။

” မြဝတီဘက်အခြမ်းက ၁ ရက် နေ့ မနက် ၉ နာရီ လောက်မှာ ဂိတ်တွေ ပိတ်ချဖို့ စစ်တပ်က ပြော လာလို့တဲ့ ဆိုပြီး ကမ်းကူးတွေ အကုန်ပိတ်ချတာဘဲ။ ထိုင်းပစ္စည်း ဘာမှ မထားရ၊ မကူးရ။ စစ်တပ် ဝင်စစ်မယ်၊ ဂိုထောင်တွေ၊ တွဲ ကားတွေ ဂိတ်ဝင်းတွေ ရှာမယ်လို့ ပြောတာဘဲ။ အခုဒီနေ့အထိတော့ ပြန် မဖွင့်သေးဘူး။ တချို့ထိုင်းဘက်နဲ့ ညှိထားတဲ့ ဂိတ်တွေက ညဘက်ခိုးကူး။ ခိုးသယ်တာတွေ ရှိတယ် ” ဟု ၎င်းက ပြောသည်။

ယခုလို နယ်စပ်ဂိတ် ပိတ်ထားချိန် ယမာန်နေ့ နိုဝင်ဘာ-၂ ရက်နေ့တွင် မြဝတီ နယ်စပ်ကုန်သွယ်ရေး ဇုန်၊ ကုန်ကားဝန်း၊ အကောက်ခွန်ဌာန စသည်တို့ကို ပြန်ဖွင့်နိုင်ရေး ပြင်ဆင်နေသည်ဟု လက်နက်ကိုင်အဖွဲ့ ဝင်တစ်ဦးက ပြောသည်။

“အခုဒီလထဲ အာရှလမ်းပြန်ဖွင့်မယ်။ တံတား-၂ ပြန်ဖွင့်မယ်။ ကုန်သွယ်ရေးဇုန် အကောက်ခွန်ဝန်း ပြန်ဖွင့်မယ်ပေါ့နော် စစ်တပ်ဘက်က အဲ့လိုသတင်းတော့ရှိတယ်။ အာရှလမ်းမှာ လမ်းတွေ၊ တံတား တွေပြင်နေတယ်။ တရားဝင်ကုန်သွယ်ရေး ဘယ်လို လုပ်မလဲတော့မသိဘူး၊ ခိုးကူးဂိတ်တွေတော့ ပိတ်ထားရတယ်။ PC၊ BGF လမ်းတွေက‌နေ အောက်ဘက်ကို ကုန်တွေဆင်းနေတာဘဲ” ဟု ၎င်းက ပြောသည်။

အဆိုပါ ကမ်းကူး အောက်ဂိတ်များပိတ်ထားရသည့် အခြေအနေကြောင့် နှစ်ဖက်ကုန်ပို့မှု ရပ်တန့်နေသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။