Home သတင်း ကော်သူးလေ အဆင့်မြင့် ပညာရေး ကောင်စီဖွဲ့ရန် ညီလာခံ၌ ဆုံးဖြတ်

ကော်သူးလေ အဆင့်မြင့် ပညာရေး ကောင်စီဖွဲ့ရန် ညီလာခံ၌ ဆုံးဖြတ်

469
Photo: KECD

နိုဝင်ဘာ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေ ဒေသအတွင်းရှိ အဆင့်မြင့်ပညာကျောင်းများကို နိုင်ငံတကာအသိအမှတ်ပြုနိုင်ရေး အတွက် မူဝါဒ ချမှတ်လုပ်ဆောင်သွားရန် ရည်ရွယ်ကာ ကော်သူးလေ အဆင့်မြင့် ပညာရေးကောင်စီ (Council of Higher Education — Kawthoolei) ကို ဖွဲ့စည်းရန် ကေအဲန်ယူ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ညီလာခံ၌ ဆုံးဖြတ် လိုက်သည်။

အဆိုပါ ညီလာခံကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ စီမံအုပ်ချုပ်နယ်မြေ တစ်နေရာ၌ အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ညီလာခံတွင် အဆင့်မြင့် ပညာရေးကဏ္ဍကို နိုင်ငံတကာ အသိအမှတ်ပြုနိုင်ရေးအတွက် ယခုလို ကောင်စီဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ကရင်ပညာ ရေးနှင့် ယဉ်ကျေးမှုဌာန အဆင့်မြင့်ပညာရေး ဗျူရိုမှ နော်ဖောမူးက ပြောသည်။

” ဒီအဆင့်မြင့်ပညာရေးက အနာဂါတ်အတွက် အရမ်းအရေးကြီးတယ်။ ဆိုလိုတာက ကျမတို့ အရည်အချင်းရှိတဲ့ ပြည်သူလူထုတွေ ဖြစ်လာဖို့အတွက် အဆင့်အတန်းရှိတဲ့ ပညာရေး ရှိလာဖို့ ကဏ္ဍအသီးသီးမှာ ဝိုင်းဝန်း လုပ်ဆောင်ပေးမယ့် ပညာတတ်လူငယ်တွေလည်း ရှိလာဖို့ လိုတယ်။ ပြီးတော့ကျမတို့နဲ့အတူ ပြန်လာလုပ်သူတွေ ကန့်သတ်ချက်ရှိနေတဲ့အပေါ် နယ်စပ်ဒေသရှိ အဆင့်မြင့် ပညာရေးကို မြှင့်တင်ပေးဖို့ လိုလာတယ်။ လူငယ် နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ပညာရေးကို ရလာအောင် ဒီကနေ အရည် အသွေးရှိတဲ့ ပညာရေးတွေကို လက်လှမ်းမီနိုင်အောင် အရမ်း အရေးကြီးပါတယ်” ဟု နော်ဖောမူးက ကေအိုင်စီသို့ ပြောသည်။

ကောင်စီသည် ပညာရေး အရည်အသွေး အာမခံချက် လုပ်ငန်းဆိုင်ရာ ဘွဲ့လက်မှတ် စသည့်အခြေခံ မူဝါဒများ ချမှတ်သွားမည် ဖြစ်ပြီး လက်ရှိ ကျင့်သုံးနေသည့် ဒေသတွင်း ပညာရေးစနစ်နည်းလမ်းများကို ပြန်လည် သုံးသပ် ကာ နိုင်ငံတကာ အသိအမှတ်ပြုမှုရအောင် လုပ်ငန်းစဉ်ချမှတ်လုပ်ဆောင်သွားမည်ဟု သိရသည်။

Photo: KECD

ထို့အပြင် အဆင့်မြင့်ပညာရေးကောင်စီအောက်၌ အဆင့်ဆင့်ထပ်ဖွဲ့စည်းသွားမည် ဖြစ်သလို အရည်အသွေး၊ စီမံခန့်ခွဲမှုနှင့် သင်ရိုညွှန်းတမ်းဆိုင်ရာ လုပ်ငန်စဥ်များကို စိစစ်စောင့်ကြည့်ကာ ဒေသတွင်း ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကနဦး လုပ်ဆောင်သွားမည် ဖြစ်ပြီး ပညာရေးနယ်ပယ်ရှိ အခြားသူများကိုလည်းဖိတ်ခေါ် ၍ လုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည်ဟု သိရသည်။

သုံးရက်ကြာပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲသို့ ကေအဲန်ယူ၊ တပ်မဟာ (၇) ခုမှ ပညာရေးဌာန တာဝန်ရှိသူများ၊ ဒုက္ခသည်စခန်း ၆ ခုမှ ပညာရေးတာဝန်ရှိသူများ၊ ရွှေ့ပြောင်းပညာရေးဆိုင်ရာ တာဝန်ရှိသူများ အပါအဝင် ကော်သူးလေ‌ဒေသရှိ ဘွဲ့လွန်အဆင့် ပညာရေးအဖွဲ့အစည်း ၃၄ ခုမှ ခေါင်းဆောင် ၈၀ ကျော် ပါဝင်တက်ရောက် ခဲ့ကြောင်း ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD ၏ ထုတ်ပြန်ချက်အရ သိရသည်။

“အဆင့်မြင့်ပညာရေးက စိန်ခေါ်မှုအမျိုးမျိုးနဲ့ တွေ့ကြုံလာခဲ့ပါတယ်။ ကျနော်တို့ အရှိန်နဲ့ ထိုးဖောက်ရမယ့် အချိန်ပါ။ ရပ်ဝေး၊ ရပ်နီး ကရင်လူငယ်တွေအားလုံး ဒီကိစ္စမှာ အင်အားတစ်ခုအနေနဲ့ ပါဝင်လာကြဖို့ လိုပါတယ်။ ဘယ်လောက်ပဲ ဖိနှိပ်ပါစေ၊ ကျနော်တို့ ရင်ဘောင်တန်း နိုင်ပါတယ်။ ဒီခြေလှမ်းက ပိုပြီးခိုင်မာကောင်းမွန်တဲ့ အဆင့်မြင့်ပညာရေး အခြေခံအဆောက်အဦးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပါတယ်” ဟု နိုင်ငံတကာ ကျောင်း၌ ပညာသင်ကြားနေသူ လူငယ်တစ်ဦးက မှတ်ချက်ပြု ပြောသည်။

ယခု ပြုလုပ်သည့် ကော်သူးလေ အဆင့်မြင့် ပညာရေးခေါင်းဆောင်မှု ညီလာခံကို ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD မှ ဦးဆောင်၍ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။