Home သတင်း ကော့ကရိတ်မြောက်ပိုင်းတွင် ရွာသား ၁၅ ဦးခန့် ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်

ကော့ကရိတ်မြောက်ပိုင်းတွင် ရွာသား ၁၅ ဦးခန့် ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်

703
Photo- CJ

နိုဝင်ဘာ ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြောက်ပိုင်းသို့ စစ်တပ်က စစ်ကြောင်းထိုးချိန် ဒေသခံ၊ ကျေးရွာသူ၊ ရွာသား ၃၀ ဦးကျော်ကို ဖမ်းဆီးပြီး ၁၅ ဦးခန့်ကို လူမဆန်စွာ နှိပ်စက်သတ်ဖြတ်နေသည်ဟု မြေပြင်ရှိ ကေအဲန်ယူလက်အောက်ခံ အရပ်ဖက်ဝန်ထမ်းက ပြောသည်။

စစ်အုပ်စု စစ်ကြောင်းက ပြီးခဲ့သည့် အောက်တိုဘာ ၁၀ မှ ၃၀ ရက် အတွင်း မြပတိုင် ကျေးရွာအပါအဝင် ကျေးရွာ ၁၀ ခန့် မှ ရွာသူ၊ ရွာသား ၃၀ ဦးခန့်အား စစ်တပ် စစ်ကြောင်း များက ဖမ်းဆီးထားခြင်းဖြစ်သည်။ အပြစ်မယ့် အရပ်သားများကို ဖမ်းဆီးထားချိန် အတွင်းရိုက်နှက်ညှင်းပမ်း မှုများ ပြုလုပ်နေသည်ဟု အခြေအနေကို သိထားသူ အရပ်ဖက်ဝန်ထမ်းတစ်ဦးက ယခုလို ပြောသည်။

” စစ်တပ်နဲ့ DKBA ဗိုလ်ဘိအုပ်စုက နောင်ကိုင်း၊ ထီဖိုးစံ၊ မိဖာလဲ၊ သကြာချောင်း၊ မြပတိုင် စတဲ့ရွာတွေ ဘက်က လူ ၃၀ ကျော် ဖမ်းခံထားရတယ်။ တချို့ ပြန်လွတ်တာ၊ ထွက်ပြေးလို့ သေနတ်နဲ့ လိုက်ပစ်တာ။ မိုင်းထိတာတွေလည်းရှိတယ်။ အခု စစ်ကြောင်း မှာ ၁၅‌ ယောက် လောက် ပြန်မလွတ် သေးဘူး။ နှိပ်စက်တာ ခံနေရတယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုက အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးထားချိန် လူမဆန်စွာ သတ်ဖြတ်မှုကိုလည်း ကျူးလွန်ခဲ့သည် ဟု ၎င်းက ဆက်ပြောသည်။

“မြပတိုင် ကျေးရွာသား တစ်ယောက်ကို ခေါင်းဖြတ်၊ ကိုယ်ဖြတ်၊‌ ခြေလက်ဖြတ်ပြီး မီးရှို့သတ်တယ်။ လူနာမည်နဲ့ အချက်အလက် စုံစမ်းနေတုန်းဘဲ ” ဟု ကေအဲန်ယူ KNU အရပ်ဖက် ဝန်ထမ်းက ပြောသည်။

လက်ရှိ ကော့ကရိတ်မြောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် တပ်များကို စစ်တပ်က စုစုပေါင်းအင်အား ၁,၀၀၀ ခန့်ပါ စစ်ကြောင်း ၄ ကြောင်းခွဲ တိုက်ခိုက်နေသော်လည်း နယ်မြေမကျွမ်း၍ အကျအဆုံးများနေသည်ဟု မြေပြင်ရှိ တော်လှန်ရေးတပ် သတင်းရင်းမြစ်က ပြောသည်။

“စစ်အုပ်စုက ကော့ကရိတ်မြောက်ပိုင်းကို ရှင်းနေတာက သူတို့ဦးစားပေးနေတာ မြဝတီ လမ်းဟောင်းကို ရဖို့ တိုးလာတာ ထီဖိုးစံ၊ လမ်းကြောင်းမှာ တော်တော်အထိနာ နေတော့ရှုံးမဲ မဲနေတာ၊ သူတို့သေတာလူရာချီ နေပြီ။ ဒါလည်းတက် လာနေတာဘဲ၊ လက်နက်ကြီးကတော့ နေရာစုံက ပစ်နေတာရွာတွေဘက်ကို နေ့တိုင်း ကျနေတယ်” ဟု တော်လှန်ရေး မဟာမိတ် တပ်စစ်ကြောင်းတာ ဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်တောင်ပိုင်း ကမိုင်ကုန်း၊ ရွာသစ်ကုန်း ကျေးရွာများဘက်တွင်လည်းအာရှလမ်းသစ်ပြန် ဖွင့်နိုင်ရေး စစ်ကြောင်းထိုးနေပြီး ယမာန်နေ့ထိ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။