နိုဝင်ဘာလ(၅)ရက်၊၂၀၂၅ခုနှစ်။ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း စစ်အုပ်စုတပ်၏လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ(၇)ဦးသေဆုံးခဲ့ကြောင်း KnHRGမှ ယနေ့နိုဝင်ဘာလ ၅ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့်အောက်တိုဘာလအတွင်း စစ်အုပ်စုတပ်မှ အင်အားအလုံးအရင်းဖြင့် ကရင်နီ(ကယား)ပြည်နယ်အတွင်းသို စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများကိုပစ်မှတ်ထားကာ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများမှ တစ်လထက်တစ်လ သေဆုံးမှုမြင့်တက်လျက်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများ ၏ ပြောဆိုချက်များအရသိရသည်။
ဒေသအတွင်းစစ်ဘေးရှောင်ကူညီသူတစ်ဦးက“တစ်လထက်တစ်လ အရပ်သားတွေသေကြတာက မြေမြုပ်မိုင်းတွေ၊နောက်တစ်ခုက လက်နက်ကြီးတွေကြောင့် သေဆုံးကြတာများလာတာကို တွေ့ရပါတယ်။အဲ့ဒီအတွက် ကျနော်တို့လို စစ်ဘေးရှောင်ကူညီနေတဲ့သူတွေက လက်နက်ကြီး ရန်ကနေဘယ်လိုရှောင်ရမလဲ၊ဘယ်လိုနေထိုင်သင့်လဲ ဆိုတာတွေကို စစ်ရေးအသိ၊သတိရှိအောင်ပြည်သူတွေကိုများများပြောပြပေးဖို့လိုတယ်လိုမြင်ပါတယ်။”ဟု ကေအိုင်စီ သိုပြောသည်။
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသူများထဲတွင် အမျိုးသား(၅)ဦး၊အမျိုးသမီး(၁)ဦးနှင့်ဂျန်ဒါမသိ ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား(၈)ဦး၊အမျိုးသမီး(၄)ဦး ၊ကလေးငယ်(၆)ဦးနှင့် ဂျန်ဒါမသိပြည်သူ(၃)ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ထို့အပြင်စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ဖယ်ခုံမြို့အနောက်ဘက်ခြမ်းနှင့် ဒီမောဆိုမြို့ အနောက်ဘက်ခြမ်းရှိ ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်ဖျက်ဆီးမှုများကြောင့် နေအိမ်(၄၆)လုံးပျက်စီးခဲ့ရပြီး၊ ဘာသာရေးအဆောက်အအုံ(၁)လုံး လည်းပျက်စီးခဲ့ကြောင်းသိရသည်။
ယခုလိုစစ်အုပ်စုတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကရင်နီ(ကယား)ပြည်နယ်တွင် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူနှစ်သိန်း (၂၀၀၀၀၀)ကျော်အထိရှိနေပြီး ၎င်းတို့အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများလိုအပ်လျက်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG မှပြောဆိုသည်။
ထို့အပြင်မြန်မာစစ်တပ်အပေါ်လက်နက်ရောင်းချမှုများကို တားမြစ်ချမှတ်ပြီး စစ်တပ်ထံလေယာဉ်ဆီရောင်းချမှုနှင့် ထောက်ပံ့မှုများကို အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သင့်ကြောင်းလည်း နိုင်ငံတကာသို့ KnHRGမှတောင်းဆိုလိုက်သည်။



















