Home သတင်း ကရင်နီအပါ ဒေသတချို့ မိုးရွာမည်ဟု မိုးလေဝသဌာနများ ပြော

ကရင်နီအပါ ဒေသတချို့ မိုးရွာမည်ဟု မိုးလေဝသဌာနများ ပြော

676
Photo: IEC(ကရင်နီဒေသရေကြီးပုံ)

အောက်တိုဘာ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သတင်းကျွတ်ကာလဖြစ်သော်လည်း ကရင်နီပြည်နယ်အပါအဝင် ဒေသတချို့၌ ယခုရက်သတ္တပတ်အတွင်း မိုးရွာမည်ဟု မိုးလေဝသဌာနများက သတိပေးချက် အသီးသီး ထုတ်ပြန်ထားသည်။

အရှေ့ဘက်ကနေ လာသည့် လေပွေလှိုင်းနှင့်မုန်တိုင်းငယ် အရှိန်များကြောင့် ကရင်နီဒေသအပါအဝင် မြန်မာနိုင်ငံအတွင်းရှိနေရာတချို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး တချို့နေရာများတွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသဌာနများက ထုတ်ပြန်ထားသည်။

ကရင်နီပြည်ဒေသတွင် တစ်ပတ်အတွင်း နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း ယနေ့အောက်တိုဘာလ ၂၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏အသိပေး ထုတ်ပြန်ထားသည်။

မိုးရွာသွန်းနိုင်သည့် နေရာဒေသများမှာ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာ၀တီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တင်္နသာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ချင်းပြည်နယ်များတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း NUG က ဆိုသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့များတွင် နေရာကျဲကျဲ ရွာနိုင်ကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်နယ်တွင် ယခုရက်သတ္တပတ်အတွင်းမိုးရေချိန် ၂.၈ လက်မမှ ၃.၉ လက်မအတွင်း မိုးရွာသွန်းနိုင်ကြောင်းမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ပြောဆိုထားသည်။

လက်ရှိတွင်လည်း ကရင်နီ(ကယား)ပြည်နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများအပြင် အမိုးအကားများနှင့် သောက်သုံးရေမသန့်ရှင်းမှုများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောဆိုချက်များအရ သိရသည်။