အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကမ္ဘာကျော် ကားထုတ်လုပ်ရေးကုမ္ပဏီ တိုယိုတာ (Toyota)မှ ထိုင်းနိုင်ငံရှိ စက်ရုံအတွက် အလုပ်ခန့်ရန် ဝန်ထမ်းရွေးချယ်ရေး လူတွေ့မေးမြန်းမှုကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ ယနေ့ ပြုလုပ်ခဲ့ကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား ထိုင်းအစိုးရက တရားဝင် အလုပ်လုပ် ကိုင်ခွင့် ပြုခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီမှအလုပ်ခန့်အပ်ရန် ယခုလို လူတွေ့မေးမြန်းမှုများ လာရောက်လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောဆန်းဒေးက ပြောသည်။
၎င်းက “ဒီနေ့ တိုယိုတာ စက်ရုံပိုင်ရှင် သူဌေးက လာရောက်ရွေးချယ်သွားပြီ။ သူတို့ ၅၈ ယောက် လောက်ပဲ ရတယ်။ လိုချင်တာတော့ ၇၀၊ ၈၀ လောက်ရှိတယ်။ ကီလို (ကိုယ်အလေးချိန်) ကျော်ပြီး ဆေးလိပ်မသောက်ရဘူး။ အမျိုးသမီးကော၊ အမျိုးသားကော။ အမျိုးသမီးကိုတော့ ပိုလိုတယ်” ဟု ပြောသည်။
အဆိုပါ လာရောက်ခေါ်ယူသည့် လူတွေ့မေးမြန်းမှုတွင် ကျန်းမာရေး ဆေးစစ်မှု မအောင်မြင်သူများ ရှိသလို ကီလိုချိန်၊ အရပ်အမောင်းကျော်လွန်သူများကိုလည်း ခေါ်ယူခြင်းမရှိခဲ့ကြောင်း စောဆန်းဒေး ဆက်ပြောသည်။
လက်ရှိတွင် ဒုက္ခသည်များ တရားဝင် အလုပ်လုပ်ခွင့် ရရှိရန် ထိုင်းအစိုးရက အလုပ်လုပ်ခွင့် (ဝပ်ပါမစ်) ထုတ်ပေးခြင်းနှင့် ကျန်းမာရေး ဆေးစစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ပြင် ပအလုပ်ထွက်လုပ်သူများအနေဖြင့်လည်း ထိုင်းပြည်ထဲရေး ဝန်ကြီးဌာန (MoI)က ထုတ်ပေးသည့် စာရွက်စာတမ်းကို ကနဦး တင်ပြလာရမည်ဟု စောဆန်းဒေးက ပြောသည်။

“ခရီးသွားလာဖို့စာရွက်စာတမ်းတွေက ထိုင်း(ပလပ်)တာဝန်ရှိသူတွေက တာဝန်ယူတယ်။ အလုပ်သွားထွက်လုပ်ဖို့ကတော့ သက်ဆိုင်ရာ အလုပ်လာခေါ်တဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက အကုန် တာဝန်ယူသွားမယ်ပေါ့နော်။ ငွေကြေးကုန်တာကတော့ ကျန်းမာရေးစစ်ဆေးတာက ၅၀၀ ကုန်မယ်။ ကျန်းမာရေးအာမခံလုပ်ဖို့ ၅၀၀၊ နောက်ခရီးသွားစာရွက်စာတမ်းတွေက ၁၀၀ ပဲ ကျတယ်။ အားလုံးမှ ၁၁၀၀ ဘတ်ပဲကုန်မယ်” ဟု ပြောသည်။
ထို့အပြင် အလုပ်ထွက်လုပ်မည့် ဒုက္ခသည်များအနေဖြင့် မိမိနှင့်အတူ တပါးတည်း သယ်ဆောင်သွားမည့် ပစ္စည်းများအား ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ပြီး သွားရေးလာရေး ကုန်ကျစရိတ်ကို ကုမ္ပဏီဘက်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
သို့သော် ကုန်ကျစရိတ်များကို လာရောက်ခေါ်ယူသည့် ကုမ္ပဏီဘက်က အကုန်ကျခံ ထားပေးသော်လည်း လုပ်ခလစာထဲမှ ပြန်လည်နုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအား ပြင်ပင်ထွက် အလုပ်လုပ်နိုင်ခွင့်ကို ထိုင်းအစိုးရက ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူ၊ ထမ့်ဟင်၊ ဘန့်ဒုံ ယမ်းနှင့် အမှတ် (၁) ၊ အမှတ် (၂) ကရင်နီ ဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိသည်။ ထိုစခန်းများတွင် လူဦးရေ ကိုးသောင်းကျော် ခိုလှုံလျက်ရှိသည်ဟု သက်ဆိုင်ရာ ဒုက္ခသည် စခန်း၏ ပြုစုထားသော စာရင်းအရ သိရှိရသည်။



















