Home သတင်း NCA စာချုပ် စက္ကူစုတ်ဖြစ်သွားဟု လက်မှတ်ထိုးခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ပြော

NCA စာချုပ် စက္ကူစုတ်ဖြစ်သွားဟု လက်မှတ်ထိုးခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ပြော

212
Photo: Social Media

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းလိုက်ခြင်းသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများနှင့် ရည်မှန်း ချက်များကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီဖြစ်၍ စာချုပ်သည်လည်း စက္ကူစုတ်တစ်ခုအဖြစ် ရောက်သွားစေသည်ဟု တစ်နိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA စာချုပ် လက်မှတ်ထိုးခြင်း (၁၀) နှစ်ပြည့်နှစ်ပတ် လည်နေ့အပေါ် စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သော KNU-ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ (NMSP-AD)၊ ချင်းအမျိုးသားတပ်ဦး-CNF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး -LDUနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDFတို့က ယနေ့ အောက်တိုဘာလ ၁၃ ရက်တွင် ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ပြီး ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုသည် NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်သည့်ကာလတွင်လည်း စစ်တပ်ကြီးစိုး ရေးမူဝါဒဖြင့် တစ်ဖက်သတ်ပိတ်ဆို့ကာ စာချုပ်အကောင်အထည်မဖော်နိုင်ရန် တားဆီး မှုများလည်း လုပ်ဆောင် ခဲ့သလို စာချုပ်သဘောတူညီချက်များကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်ဟု တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (၆)ဖွဲ့၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း တိုင်းရင်းသားတော်လှန်ရေးများအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက်များနှင့် စိတ်ရှည်သီးခံပြီး နည်းလမ်းရှာဖွေကာ တစ်စိုက်မတ်မတ် ကြိုးစားလုပ်ဆောင်ခဲ့မှုကြောင့် သဘောတူညီချက်အချို့ ရရှိအောင် ကြိုးပမ်း ဆောင်ရွက်သွားနိုင်ခဲ့သည်ဟု အဆိုပါ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ဆိုသည်။

စစ်အုပ်စုသည် NCA စာချုပ်ထဲရှိ ကျင့်ဝတ်များကို စစ်အုပ်စုက အကြိမ်ကြိမ် ချိုးဖောက်ခဲ့သည်မကဘဲ လက်ရှိအချိန်တွင် အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ပြည်သူလူထုများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်နေသည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ပြောဆိုသည်။

Photo: Social Media

တချိန်တည်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် အတုယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်းသည် စစ်အာဏာရှင်များက နိုင်ငံကိုတစ်သက်လုံး ထိန်းချုပ်နိုင်ရန်အတွက် တရားဝင်မှု ရရှိအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုများ၏ အကြပ်အတည်းနှင့် ဆင်းရဲဒုက္ခများကို ဖြေရှင်းမည် မဟုတ်ဘဲ ပဋိပက္ခများ ပိုမိုရှည်လျားစေကြောင်းလည်း ထိုထုတ်ပြန်ချက်ထဲတွင် ပြောဆိုသည်။

ထို့ကြောင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်းကို ပြသရန် UN၊ အာဆီယံနှင့် နိုင်ငံတ ကာသံတမန်များအနေဖြင့်လည်း စစ်အုပ်စု ကျင်းပမည့် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ်ပြည့်မြောက်နေ့ အခမ်းအနားကို မတက်ရောက်ရန် ၎င်းလက်မှတ်ထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၆) ဖွဲ့က တိုက်တွန်းထားသည်။

KNU၊ CNF၊ ABSDF၊ PNLO အဖွဲ့တို့ အပါအဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ လေးဖွဲ့နှင့်တူ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပြင် ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NMSP နှင့် LDU အဖွဲ့တို့က ဆက်လက်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်မည့် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I) တွင် အောက်တိုဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပရန် စစ်အုပ်စုက စီစဉ်လျက်ရှိကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာထားသည်။