Home သတင်း KK Park ဂယက်ကြောင့် နယ်စပ်တလျောက် စစ်ဆေးမှုတွေတိုးလုပ် တချို့သွားခွင့်မရမှုများ ကြုံတွေ့နေ

KK Park ဂယက်ကြောင့် နယ်စပ်တလျောက် စစ်ဆေးမှုတွေတိုးလုပ် တချို့သွားခွင့်မရမှုများ ကြုံတွေ့နေ

681

အောက်တိုဘာ ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

KK Park မှ ကျားဖြန့်လုပ်သားများ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုများဖြစ်ပေါ်နေသည့် ဂယက်ကြောင့် မဲဆောက်-မယ့်သဝေါ လမ်းပိုင်းတွင်လည်း ထိုင်းအာဏာပိုင်များက စစ်ဆေးမှုများ တိုးလုပ်လာပြီး တချို့ ဖြတ်သန်းသွားလာခွင့် မရမှုများ ကြုံတွေ့နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများနှင့် ဒေသခံများထံမှ သိရသည်။

လက်တလောတွင် မြန်မာပတ်စပိုစ့် ကိုင်ဆောင်ထားသူများကို မဲဆောက်-မယ့်သဝေါ လမ်းပိုင်းကို ဖြတ်သန်း သွားလာခွင့် မပြုခြင်းများ ကြုံတွေ့နေသည်ဟု သိရသည်။ ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံကို ခြားထား သည့် သောင်းရင်းမြစ်ကူး လှေဂိတ်များတွင်လည်း စစ်ဆေးမှုများ တိုးလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

“ ဒီလမ်းကို မြန်မာပတ်စပို့နဲ့ မပေးပြန်‌တော့ဘူး အရင်တုန်းက‌တော့ မြဝတီဘက် တိုက်ပွဲဖြစ်တော့ ထိုင်းဘက်က နားလည်မှုပေးပြီး သွားခွင့်ပေးတာရှိတယ်။ အခုရက်ပိုင်းက မရတော့ဘူး။ ခရီးသည်တွေ ပြန်ချင်ရင် မြဝတီ ဘက်ဘဲပို့ရတယ်”ဟု ထိုင်းနိုင်ငံသား ယာဉ်မောင်းတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အဆိုပါ မဲဆောက်-မယ်သဝေါလမ်းပိုင်းတွင် ဘန်ကောက်မှ ပြန်ဆင်းသည့် မြန်မာပတ်စပိုစ့် ကိုင်ထားသူ များအပြင် နယ်မြေအတွင်း သွားလာသည့် မြန်မာပတ်စပို့စ်ကိုင်ဆောင်သူများလည်း စစ်ဆေးတင်းကြပ်လာကြောင်း ထိုလမ်းပိုင်းတွင် သွားလာသည့် လူငယ်တစ်ဦးကဆိုသည်။

“အဓိက စာအုပ်နီ PJ နဲ့ PVတွေကို အဲဒီလမ်းသူတို့ မပေးဖြတ်တာ။ မနေ့တုန်းက ကျနော့်သူငယ်ချင်း တစ်ယောက် မဲဆောက်ကနေ ထာ့ဆန်ယောင်း ဘက်လာတာတောင် ဒီမယ်လဂိတ်မှာ ပေးမဖြတ်ဘူး။ သူတို့က မြန်မာပြန်မယ်ထင်ပြီး မပေးဖြတ်တာ တကယ်လို့ မယ်လစခန်းသွားမယ်ပြောရင်တောင် မယ်လကလူကို လာကြိုခိုင်းတယ်လာကြိုမယ့်လူမရှိရင် မပေးဖြတ်ဘူး”ဟုကေအိုင်စီသို့ပြောသည်။

ထို့အပြင် ဗီဇာသက်တမ်းကုန်ပြီး Name List စာရွက်နှင့် ကိုင်သည့် သူများသည်လည်း မြန်မာပြည်ပြန်ပါက မြဝတီ ချစ်ကြည်ရေးတံတားပေါ်တွင်လည်း ဖြတ်သန်းခွင့်မရသည့်အတွက် တရားမဝင်လမ်းကြောင်းဖြစ်သည့် အောက်လမ်းနှင့်သာ ကမ်းကူနေရသည်ဟု သိရသည်။

ထို့အပြင် ချစ်ကြည်ရေးတံတားပေါ်မှ တရားဝင်လမ်းကြောင်းဖြင့် ပြန်သည့်သူများကိုလည်း ပြန်လာသည့် အချိန်တွင် အာဏာသိမ်းစစ်အုပ်စု၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပေးသည့် စမတ်ကတ်မရှိပါက တံတားပေါ်တွင် ဖြတ်သန်းခွင့် မပေးကြောင်း သိရသည်။