အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကြောင့် နာမည်ကြီးနေသည့် KK park ဝန်းမှ ယခုရက်ပိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်လာသူများကို ဖားအံမြို့အဝင်နေရာများတွင် စစ်မှုထမ်းစုဆောင်းရေးအဖြစ် စစ်အုပ်စုက ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု မျက်မြင်တွေ့သူ မြို့ခံများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ KK Park ဝန်းအတွင်းမှ ထွက်ပြေးလာသည့် အလုပ်သမားများကို စစ်အုပ်စုတပ်ဖွဲ့ဝင်များက မြို့အဝင်အထွက် လမ်းပိုင်းနေရာများတွင် အဆင့်ဆင့် စောင့်ဆိုင်းဖမ်းဆီးမှု ပြုလုပ်ပြီး စစ်မှုထမ်းအဖြစ် ခေါ် ဆောင်သွားကြောင်း ယမန်နေ့ (အောက်တိုဘာလ ၂၇ ရက်နေ့) တွင် မြဝတီမှ ဖားအံသို့ အပြန် ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် လူငယ်များထံမှ သိရသည်။
“ ကျားဖြန့်က ပြန်လာတဲ့ လူငယ်တွေ လမ်းမှာ စစ်မှုထမ်း ဆွဲ ခံရတာ မနည်းဘူး။ မနေ့က လူငယ်၄ယောက် မြဝတီကအပြန် ဖားအံအဝင်မှာ အဆွဲခံရတယ်။ တစ်ယောက် ၃သိန်းပေးပြီး ပြန်ရလိုက်တယ်။ လူမသိသူမသိ ပါသွားတာတွေအများကြီးပဲ။ ပုရွက်ဆိတ်အုံလို ကျားဖြန့်ကျင်းထဲက တပ်လန့်ပြီး ထွက်လာတဲ့လူငယ်တွေ လမ်းမှာ ဘီးလူးတွေ ဆွဲဖို့ အဆင့်ဆင့်စောင့်နေကြတယ်” ဟု ထွက်ပြေး လွတ်မြောက် လာသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ယခုလို မြဝတီဘက်မှ ပြန်လာသည့် လူငယ်များကို လမ်းပေါ်တွင် ပစ်မှတ်ထား စောင့်ဆိုင်းကာ အဆင့်ဆင့် ဖမ်းဆီးလုပ်ဆောင်နေမှုကြောင့် ပုံမှန်ဖြတ်သန်းသွားလာနေသည့် ဒေသခံ လူငယ်များအတွက်လည်း စိုးရိမ်မှု များရှိလာနိုင်ကြောင်း အဆိုပါ နီစပ်သသည့် ဒေသခံက ဖြည့်စွက်ပြောသည်။
ထို့အပြင် ဖားအံမြို့၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာအဝင် ဖားအံ- လှိုင်းဘွဲ လမ်းမကြီးဘေးရှိ တော်ဝင်သုခ ဆေးခန်းရှေ့ နှင့် တောင်ကလေး လေယာဉ်ကွင်းအနီးဝန်းကျင်တွင်လည်း စစ်တပ်က အင်အားတိုးချဲ့ပြီး မြို့ဝင်မြို့ထွက် ခရီးသည်ကားများအား စစ်ဆေးကာ လူငယ်များကို အထူးသဖြင့် စစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။
“ အဲဒီနေရာနားက သူတို့ အမြဲတမ်း စစ်နေတာပဲ။ ဒါပေမယ့် အခုက KK Park ကိစ္စနဲ့ ပတ်သက်ပြီး ကျားဖြန့်တွေ ဆင်းလာတဲ့ ပုံစံမျိုးဖြစ်လို့လား မသိဘူး ခါတိုင်းထက် နဲနဲ ပိုကြပ်လာယ်။ ဖုန်းတွေ ဘာတွေ ယူစစ်တယ်။ ကျားဖြန့်လားဆိုပြီးတော့လည်း လိုက်မေးတယ်” ဟု အစစ်ဆေးခံခဲ့ရသူ နယ်ခံတစ်ဉီးက ပြောသည်။
KK Park မှ ရှောင်လာသည့် အလုပ်သမားများထဲမှ နည်းပညာပိုင်းကျွမ်းကျင်သူများနှင့် ငွေကြေးတတ်နိုင်သူ တရုတ်လူမျိုး တချို့ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ရွှေကုက္ကိုလ်၊ ဘုရားသုံးဆူနှင့် ဖားအံမြို့ ဘက်နေရာများသို့ ရွှေ့ပြောင်းပေးနေသည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၁) ရက်နေ့ကတည်းက KK Park ဝန်းအတွင်း နိုင်ငံအစုံမှ လာရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများအပြင် မြန်မာပြည်သားအလုပ်သမားများ စစ်ဆေးဖမ်း ဆီးခံရ မည့်အရေးကြောင့် မြဝတီမြို့နယ်အတွင်း ထွက်ပြေးပြောင်းရွှေ့နေကြခြင်းဖြစ်သည်။
လတ်တလောတွင် KK park ဝန်းမှ ထွက်ပြေးလာသူ နိုင်ငံခြားသား ငွေလိမ်အလုပ်သမားများ မြဝတီ၊ ရွှေကုက္ကိုလ်၊ ကျောက်ခက် စသည့် နေရာများရှိ BGF / DKBA တပ်ဖွဲ့ နေရာများတွင် ရွှေ့ပြောင်း နေထိုင် နေကြသလို၊ ထိုင်နိုင်းငံဘက်မှ တစ်ဆင့် နေရပ်ရင်းပြန်ပို့ ရန် ယာယီထိမ်းသိမ်းခံရသူ ၁,၁၀၀ ဦး ကျော်အထိ ရှိကြောင်း သိရသည်။



















