Home သတင်း KK park မှ ထိုင်းဘက် ပြေးလာသူ များကို တံတား-၂ တွင် ယာယီထိမ်းသိမ်းထားသူ ၁,၀၀၀ ဦး ကျော်ရှိလာ

KK park မှ ထိုင်းဘက် ပြေးလာသူ များကို တံတား-၂ တွင် ယာယီထိမ်းသိမ်းထားသူ ၁,၀၀၀ ဦး ကျော်ရှိလာ

896
Photo - CJ

အောက်တိုဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ် အနီးရှိ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်များ ရှိရာ KK park မှ စစ်တပ်လာဖမ်း မည်ဟု သတင်းထွက်ပြီးနောက် ဝရုန်းသုန်းကာ ထွက်ပြေးနေကြသူများထဲမှ ထိုင်းဘက်သို့ ထွက်ပြေး လာသူ များကို နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ်-၂ ထိပ်တွင် ယာယီ ထိမ်းသိမ်းထားရာ ယနေ့ နံနက်ပိုင်းထိ လူ ၁,၀၀၀ ဦးကျော်လာပြီး ဖြစ်သည်ဟု အခြေအနေကို သိထားသူ သတင်းရင်းမြစ်က ပြောသည်။

ထွက်ပြေးလာသူများသည် မဲဆောက်မြို့ဘက် ရှိ မဲ့ကိုကင်း၊ မယ်တောင်၊ မယ်တော် ကျေးရွာများနှင့် ထိစပ်နေ သည့် သောင်းရင်းမြစ်ဘေး နေရာများသို့ ကမ်းကူး ဝင်ရောက်လာသူ နိုင်ငံခြားသားများကို ထိုင်းအာဏာပိုင် များက တံတား-၂ မှာ ယာယီ ထိမ်းသိမ်းပြီး နေရပ်ရင်း နိုင်ငံ များသို့ ပြန်ပို့ ရန် အချက်အလက်များ စိစစ် နေကြောင်း မဲဆောက်အရပ်ဖက် အဖွဲ့အစည်းတစ်ခုမှ စကားပြန်လုပ်ကိုင်ပေးသူ သတင်းအရင်းအမြစ်က ပြောသည်။

” KK park က ထွက်ပြေး တဲ့သူတွေ မယ်တောင်ဘုန်းကြီးကျောင်းမှာတစ်စု၊ မယ့်ကိုကင်းဘက်မှာ တစ်စု၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မယ်တောင် စစ်တပ်ဂိတ်မှာ တစ်စု၊ လေယာဉ်ကွင်းနားက တောမောင်း(လဝက) ရုံးဝင်းမှာတစ်စုပေါ့အဲ့လိုကနေ လူက များလာတော့ ၂၃ ရက်နေ့လည်ပိုင်းမှာ တံတား -၂ ကို စပြောင်းတယ်။ မဲဆောက်အုပ်ချုပ်ရေး ‌‌တောမောင်း အဖွဲ့ တွေ နိုင်ငံအလိုက် လူခွဲစုပြီး စစ်ချက်ယူတယ်။ အစားအစာတွေကိုတော့ ရပ်ကွက်ပရဟိတ လူမှု့ ကူညီရေး အဖွဲ့ တွေ လာကျွေး နေတယ်။ သူတို့ သံရုံးတွေနဲ့ ချိတ်ဆက်ပြီးပြန်ပို့ ဖို့ လုပ်မယ်လို့ တော့သိရတယ်” ဟု စကားပြန် ကူညီ ပေးနေသူ အတင်းအရင်း အမြစ်က ပြောသည်။

Photo – CJ

ယခုလို နိုင်ငံစုံမှ နိုင်ငံခြားသားများ ထိုင်းဘက်သို့ ကူးဝင်လာသူများမှာ အောက်တိုဘာ ၂၂ ရက်နေ့တွင် ၉၁ ဦး၊ ၂၃ ရက်နေ့တွင် ၇၈၀ ဦး အထိ့မြင့်တက်လာပြီး၊ ယနေ့တွင် ၁၀၀၀ ဦးကျော်အထိ ကမ်းကူးလာနေကြောင်း ထိုင်းအခြေစိုက် သတင်းများနှင့် ထိုင်းတာဝန်ရှိသူများ၏ စာရင်းအချက်အလက်များ အရသိရသည်။

မြဝတီမြို့ ပေါ်တွင်လည်း စစ်အုပ်စု က KK park က ထွက် ပြေးလာသည့် နိုင်ငံခြားသား ၁၈၀ ဦးခန့်ကို ထိမ်းသိမ်းပြီး နေရပ်ရင်းနိုင်ငံများသို့ ပြန်ပို့ ရန် စီစဉ် နေသည်ဟု သတင်းထုတ်ပြန်ထားသည်။ သို့သော် မြေပြင် တွင်မူ ငွေလိမ်လုပ်ငန်းမှ နိုင်ငံခြားသားများကို မြဝတီမြို့ BGF တပ်ပိုင် ‌တရုတ်ငွေလိမ်ခြံဝင်းများ၊ ရွေကုက္ကိုလ် မြို့ ဘက်နှင့် ဘုရားသုံးဆူ မြို့ဘက်သို့ နေရာ ရွေ့ပြောင်း ပေးနေကြောင်း အခြေအနေသိရှိသူ သတင်းအရင်း အမြစ်များက ပြောသည်။

Photo – CJ

” တရုတ်ဆိုဒ်က ပြေးလာတဲ့သူတွေကို တပ်နယ်(၂)၊ တပ်နယ် (၃)ကား တွေနဲ့ BGF တွေ လိုက်တင်ပြီး နေရာရွှေ့ ခေါ် သွားတာ မနေ့ က ၂၃ ရက် တစ်ရက်လုံး လုပ်နေတယ်။ ကုက္ကိုလ်ဘက်၊ မြဝတီက UK ဆိုဒ်ဘက်၊ ဘုရားသုံးဆူ ဘက် ကို ၁၀၁၈ ကြက်ဥ တောင်လမ်းက နေ ယာဉ်တန်းနဲ့ ဆင်းပို့ နေရာရွေ့နေတယ်။ တချို့ တွေ က မလိုလ်ကြဘူး။ ထိုင်းဘက်ကူးဖို့ဘဲ လုပ်ကြတယ်။ တချို့က ရန်ကုန် မန္တလေး ဆင်းဖို့ သူတို့ တရုတ် စကားပြန် တွေ နဲ့ ကား စင်းလုံးငှား ပြီးသွား နေကြတယ်” ဟု မျက်မြင်တွေ့သူ မြဝတီမြို့ခံသတင်း အရင်းအမြစ်က ပြော သည်။

လက်ရှိ မြဝတီမြို့နယ်အတွင်း KK park တရုတ်ငွေလိမ် ခြံဝင်းတစ်ခုကိုသာ စစ်အုပ်စုက ဝင်ရောက်စီးနှင်းခဲ့ ခြင်း ဖြစ်ပြီး တခြားနေရာများ ဖြစ်သည့် ကျောက်ခတ်၊ မြဝတီ၊ ရွှေကုက္ကိုလ်နှင့် ဘုရားသုံးဆူ မြို့ဘက်သို့ တရုတ်ငွေလိမ် လုပ်ငန်းနေရာများကိုမူ စစ်အုပ်စု ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ မရှိသေးကြောင်း မြေပြင် အခြေအနေ သိရှိသူများက ပြောသည်။