Home သတင်း အလုပ်သမားအတွက် ပန်းရောင်ကဒ်ထုတ်ပေးရေးလုပ်ငန်းစဥ်ကို ရက်ရွှေ့ဆိုင်းသည်ဟု ထိုင်းအစိုးရ ထုတ်ပြန်

အလုပ်သမားအတွက် ပန်းရောင်ကဒ်ထုတ်ပေးရေးလုပ်ငန်းစဥ်ကို ရက်ရွှေ့ဆိုင်းသည်ဟု ထိုင်းအစိုးရ ထုတ်ပြန်

657

အောက်တိုဘာ ၁၆ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိရှလွယ်သော နယ်စပ်ပြဿနာကြောင့် အထောက်အထားမဲ့အလုပ်သမားအတွက် ပန်းရောင်ကဒ် အသစ်ရိုက် ပေးရေးလုပ်ငန်းစဥ်ကို ယာယီရွှေ့ဆိုင်းသည်ဟု ထိုင်းနိုင်ငံ၏ အလုပ်အကိုင်စီမံခန့်ခွဲရေးရုံးက ယနေ့ (အောက် တိုဘာလ ၁၆ ရက်) ထိုင်းစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် ထုတ်ပြန်သည်။

ထိုင်းအစိုးရက ၂၀၂၅ ခုနှစ်အတွက် အထောက်အထားမရှိသူများကို လာမည့်အောက်တိုဘာလ ၁၅ ရက်မှ စတင်၍ ပန်းရောင်ကဒ်ထုတ်ပေးမည်ဟု ကြေငြာပြီး ၃ လအကြာတွင် ထိရှလွယ် နယ်စပ်ပြဿနာနှင့် အလုပ် သမား လိုအပ်ချက်ပြဿနာကို ထိရောက်စွာကိုင်တွယ်ရန်ဟုဆိုကာ ဘတ်ရိုက်လုပ်ငန်းစဥ်ကို ရွှေ့ဆိုင်းမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ဇူလိုင်လအကုန်အထိ အဆိုပါ ပန်းရောင်ကဒ်ကို လျှောက်ထားသူအရေအတွက်သည် စုစုပေါင်း ၂ ဒသမ ၉ (၂.၉) သန်းရှိသည်ဟု ဒေသတွင်း မီဒီယာများ၏ ရေးသားဖော်ပြချက်အရ သိရသည်။

ယခုလို ရက်ရွှေ့လိုက်သောကြောင့် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများသည် တရားဝင်စာရွက်စာတမ်း ကိုင်ဆောင်ရန် အခွင့်အရေးနှင့် အလှမ်းဝေးနေနိုင်သလို အကျိုးဆောင်များလည်း ပြောင်းလဲသောအခြေအနေနှင့် လုံလောက်သော သတင်းအချက်အလက်များရရှိမှု အခက်အခဲရှိလာနိုင်သည်ဟု အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ထိုင်းအစိုးရ၏ အထောက်အထားမဲ့ အလုပ်သမားအတွက် ပန်းရောင်ကဒ်ထုတ်ပေးရေးအစီအစဉ် ရွှေ့ဆိုင်းမည့်ကြေငြာချက်တွင် နယ်စပ်အခြေအနေနှင့် လုပ်သားအရေးစီမံခန့်ခွဲမှုကို ထိရောက်စွာကိုင်တွယ်ရန် ရွှေ့ဆိုင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းအစိုးရက ပန်းရောင်ကဒ်အတွက် စာရွက်၊ စာတမ်းဖြည့်သွင်းရန် အစားထိုးပြုလုပ်မည့် ဝက်ဘ်ဆိုဒ်တွင် နည်းပညာ ပြဿနာများဖြစ်ပေါ်နေခြင်းကြောင့်ယခုလို ရက်ရွှေ့ဆိုင်းမှုလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဘန်ကောက်အခြေစိုက် ပတ်စ်ပို့၊ ပန်းရောင်ကဒ်အကျိုးဆောင်သူများက ပြောသည်။

အဆိုပါ အကျိုးဆောင်များ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။