Home သတင်း လောင်းလုံးတွင် စစ်ကြောင်း ဝင်လာ၍ ရွာ ၅ ရွာမှ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေး

လောင်းလုံးတွင် စစ်ကြောင်း ဝင်လာ၍ ရွာ ၅ ရွာမှ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေး

548
Photo: လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး

အောက်တိုဘာ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်၊ ကျောက်ဆင်ကျေးရွာသို့ စစ်တပ် စစ်ကြောင်းဝင်လာ၍ ရွာ ၅ ရွာမှ ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု တော်လှန်ရေးတပ် ဖွဲ့ဝင်များနှင့် စစ်ရှောင်အရေး ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်အုပ်စုတပ်မှ အင်အား ၁၀၀ ဝန်းကျင်ခန့် ဖြင့် ရေလမ်းကြောင်းမှ တစ်ဆင့်လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်ကျေးရွာသို့ စစ်ကြောင်း ဝင်ရောက်လာပြီး ၎င်းမှတစ်ဆင့် အနီးရှိကျေးရွာများ အတွင်းသို့ ဆက်တိုက် စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဟုတ်ပါတယ် အခုလက်ရှိမှာတော့ သဘော့ဆိပ်နားက ကရင်ကြီးရွာမှာ ရောက်နေပါတယ်။ အင်အားက ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာပါ။ နှစ်ဖက်တိုက်ပွဲ ဖြစ်တာတော့ ရှိပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်အုပ်စု စစ်ကြောင်းအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့တွင်လည်း လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများအတွင်း စစ်ဆေးမှုများ လုပ်ဆောင်နေ၍ ကျေးရွာအတွင်းရှိ ဒေသခံများအနေဖြင့် နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောဆိုသည်။

“စစ်ဘေးရှောင်က အနည်းဆုံး ၃,၀၀၀ ကျော်မှာရှိတယ်။ လက်လှမ်းမှီ သလောက်ဆိုရင်။ အခြေအနေက တော်တော်ဆိုးတယ်။ လက်ရှိမှာ စားနပ်ရိက္ခာ အခြေခံစားသောက်ကုန်တွေက အစ လိုအပ်နေတာတွေရှိတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ယခုလို စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာ၊ ကရင်ကြီးကျေးရွာနှင့် ကမ်းပနီကျေးရွာများမှ ဒေသခံစုစုပေါင်း ၃,၀၀၀ ကျော်အထိနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ၎င်းက ဆပ်ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့တွင်လည်း လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာ အနီးတွင်ပြည်သူများကို ပေါ်တာဖမ်းဆီးနေသည့် စစ်အုပ်စုတပ်ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးသွးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။