အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
သြစတြေးလျနိုင်ငံ၊ နယူးဆော့ဝေးလ်ပြည်နယ်၊ တမ်ဝတ်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ခိုလှုံလာချိန် ခြောက်ပတ်အတွင်းသာရှိသည့် ဆယ်ကျော်သက်အရွယ် ကရင်လူငယ်တစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သြစတြေးလျ အခြေစိုက် သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အသက် ၁၅ နှစ်သာရှိသည့် စောကလိုဒိုစေးဒရင်းသည် အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်း အချိန် တွင် ၎င်းနေထိုင်ရာ မြို့ထဲရှိ မြစ်တစ်ခုသို့ ငါးမျှားထွက်နေစဉ် ရေထဲမျောပါသွားသော ကယပ်လှေ တစ်စင်းအား ပြန်လည် ဆယ်ယူရန် ကြိုးစားနေချိန် ရေစီးသန်သည့်ရေစီးကြောင်းနှင့် အတူ မျောပါသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဥ်ဖြစ်ပွားသည့်အချိန်တွင် မိမိနှင့်အတူ ပါလာသော အစ်ကိုဖြစ်သူက ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရေစီးသန်မှုကြောင့် ကယ်ဆယ်ခွင့်မရခဲ့ကြောင်း၊ သူ၏ အလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းတွင် အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
စောကလိုဒိုစေးဒရင်းနှင့် ၎င်း၏ မိသားစုသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လအူ ဒုက္ခသည်စခန်းမှတဆင့် သြစတြေးလျနိုင်ငံသို့ ဒုက္ခသည်အဖြစ် မကြာသေးမီကပင် ရောက်ရှိနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
သြစတြေးသို့ ရောက်ရှိချိန် စောကလိုဒိုစေးဒရင်းသည် Oxley High School ကျောင်းတွင် တက်ရောက်ခဲ့သည်။ ကျောင်းသွားခြင်း၊ ဘောလုံးကစားခြင်းနှင့် မိသားစုနဲ့အတူ အချိန်ဖြုန်းခြင်းကို နှစ်သက်သူဖြစ်သလို သူ၏ ဘဝသစ်အတွက်လည်း မျှော်လင့်ချက်များစွာ ရှိနေကြောင်း မိသားစုဝင်များက ဆိုသည်။
စောကလိုဒိုစေးဒရင်း၏ ဦးလေးဖြစ်သူက “ သူက ညီအစ်ကိုလေးယောက်ထဲက အငယ်ဆုံးပါ။ အနေ အေးပြီး အိမ်မှာပဲ အေးဆေးနေတတ်တဲ့ သူပါ။ မနက်တိုင်း ဂိမ်းကစားတာနဲ့ စာဖတ်တာကို သဘော ကျတယ်။ ကျောင်းတက်စရတာမှ အရမ်းဝမ်းသာနေတယ်။ ဘာသာစကားတွေလည်း လေ့ကျင့်ဖို့ သူ ကြိုးစားနေတယ်” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ယခုလို မတော်တဆမှုကြောင့် ရုတ်တရက်ဆုံးပါးခဲ့ရသည့် ဆယ်ကျော်သက်အရွယ် စောကလိုဒို စေးဒရင်း၏ စျာပနာအခမ်းအနားနှင့် ကျန်ရစ်သူမိသားစုများအား ကူညီနိုင်ရေးအတွက် လူမှုအသိုင်း အဝိုင်းနှင့် အဖွဲ့အစည်းများက ရံပုံငွေ အလှူခံမှုများလည်း ပြုလုပ်ပေးနေကြောင်းသိရသည်။



















