အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲကို အသိ အမှတ်မပြုရန် ဥရောပသမဂ္ဂ ကရင်ကွန်ရက်ပါဝင် ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသည့် နိုင်ငံတကာကရင်လူမှုအဖွဲ့(၁၉)ဖွဲ့က ယနေ့(အောက်တိုဘာ ၃၀) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည်။
စစ်ကောင်စီမှ စစ်ကော်မရှင်ဖွဲ့စည်းမှုက အာဏာသက်တမ်း ရှည်စေရေး ကြိုးပမ်းမှုသာဖြစ်သလို ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှာလည်း ဟန်ပြအစိုးရစုဖွဲ့မှုကိုသာ ရရှိစေမည်ဖြစ်သောကြောင့် အမေရိကန်၊ အာဆီယံနှင့် ဥရောပသမဂ္ဂနိုင်ငံများအပါအဝင် နိုင်ငံတကာအနေဖြင့် အသိ အမှတ် မပြုရမည့်အပြင် ထောက်ခံအားပေးမှုမလုပ်ဖို့ကိုလည်း ကရင်အဖွဲ့(၁၉)ဖွဲ့က တောင်းဆိုထားသည်။
“သမိုင်း တစ်ပတ်ပြန်လည်နေတာပါ။ စစ်အုပ်စုက သူတို့ရဲ့အာဏာကိုထိန်းသိမ်းဖို့အတွက် အရင်က နည်းလမ်းဟောင်းတွေဖြစ်တဲ့ အတုအယောင်ငြိမ်းချမ်းရေး၊ အတုအယောင်ရွေးကောက်ပွဲ ကို ပြန်အသုံး ချလာတာ။ စစ်တပ်ကိုဖယ်ရှားပြီး ပြည်သူလက်ထဲအာဏာပြန်အပ်မှပဲ တကယ့်ငြိမ်းချမ်းရေးစစ်စစ်ကို ရပါလိမ့်မယ်” ဟု ဥရောပသမဂ္ဂကရင်ကွန်ရက်-EKN ၏ဥက္ကဌ နန်းကြည်အေးရွှေက ပြောသည်။
၎င်းတို့ရွေးကောက်ပွဲဆိုသည်မှာ ရာဇဝတ်မှုဆက်လက်ကျူးလွန်ရန် အာဏာပေးရာရောက်သည့် နိုင်ငံရေးတရားဝင်မှုအမှား ဖြစ်သလို သန်းနှင့်ချီသောပြည်သူများကို နေရပ်စွန့်ခွာစေခြင်း၊ လူထုကို ဦးတည်သည့်အကြမ်းဖက်မှုများကို ကျူးလွန်နေခြင်းတို့ကြောင့် တရားမျှတသော ရွေးကောက်ပွဲလည်း ဖြစ်မလာနိုင်ကြောင်း အဖွဲ့များက ထောက်ပြသည်။
နိုင်ငံတကာအစိုးရများအနေဖြင့် Bottom-up federalism စနစ်ကို အသိအမှတ်ပြုပံ့ပိုးရန်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားမှုများအပါအဝင် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ငြိမ်းချမ်းရေးအစစ်အမှန်ရရေး ရုန်းကန်နေကြသော ပြည်သူများကို အားပေးရန် အဖွဲ့(၁၉)ဖွဲ့က တဆက်တည်းတောင်းဆိုခဲ့သည်။
စစ်ရှောင်အရေး စောင့်ကြည့်အကူအညီပေးနေသည့် ကရင်အရပ်ဖက်အဖွဲ့များ၏ မှတ်တမ်းအရ ကေအဲန်ယူ ထိန်းချုပ်ထားသည့် ခရိုင်ခုနှစ်ခုတွင် စစ်တပ်အာဏာသိမ်းကာလမှ လက်ရှိအချိန်ထိ စစ်ဘေးရှောင်အရေအတွက် ၁၀ သိန်းကျော်နေပြီဖြစ်သည်။ ၎င်းအရေအတွက်မှာ တစ်နိုင်ငံလုံး စစ်ရှောင်ဦးရေ ၅ သန်း၏ နှစ်ဆယ် ရာခိုင်နှုန်းလည်းဖြစ်သည်။
ယင်းကြောင့် တစ်နှစ်ထက်တစ်နှစ် လူသားချင်းစာနာမှုအကူအညီလိုအပ်ချက် မြင့်တက်လာရုံသာမက နိုင်ငံ၏စီးပွားရေးတည်ငြိမ်မှုကိုလည်း ထိခိုက်စေ၍ နိုင်ငံတကာအစိုးရများအနေဖြင့် လူသား ချင်းစာနာမှုအကူအညီများပေးရန် အဖွဲ့များက ထုတ်ပြန်ချက်အတွင်း ဆက်လက်တောင်းဆိုသည်။
ထို့အတူ စစ်တပ်သို့ စီးဆင်းနေသည့် လက်နက်အထောက်အပံ့၊ ဝင်ငွေနှင့်လေယာဥ်လောင်စာဆီများကို နိုင်ငံတကာက ပိတ်ပင်တားဆီးရေး တောင်းဆိုသွားပြီး လက်ရှိကျူးလွန်နေသမျှကို တာဝန်ခံရမည် ဟုလည်း စစ်အုပ်စုအား သတိပေးဖော်ပြသည်။
ထုတ်ပြန်ချက်တွင် ဥရောပသမဂ္ဂကရင်ကွန်ရက်နှင့်အတူ ဩစတြေးလျားကရင်အဖွဲ့အစည်း၊ နော်ဝေ၊ ယူကေ၊ ကနေဒါ၊ ဆွီဒင်၊ နယူးဇီလန် ကရင်လူမှုအသင်းအဖွဲ့များ၊ အမေရိကန်ကရင်အဖွဲ့အစည်းတို့ လည်း ပါဝင်သည်။
၎င်းအပြင် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့-BPHWT၊ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း-BMA၊ မယ်တော်ဆေးခန်းကဲ့သို့ ကျန်းမာရေးအဖွဲ့များ နှင့် ကရင်ဆရာ၊ ဆရာမများ အလုပ်အဖွဲ့-KTWG၊ ကရင်ကျောင်းသားများကွန်ရက်-KSNG စသည့် ပညာရေးအဖွဲ့များလည်း ပါဝင်သလို အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားကြသည့် ကရင်အရပ်ဖက်အဖွဲ့များလည်း ပူးပေါင်းပါရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။



















