အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)ထံသို့ ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်နေ့က စစ်အုပ်စု၏ မတရားစစ်မှုထမ်းစေခိုင်းခံရသူ တပ်ဖွဲ့ဝင်(၇)ဦး ဘက်ပြောင်း ခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်သည်။
ဆောထိ(ရွှေကျင်)မြို့နယ်ရှိ စစ်အုပ်စုအခြေစိုက်တပ်စခန်း ခြေလျင်တပ်ရင်း ခလရ-၇၅ တွင် စစ်မှု တာဝန်ထမ်းဆောင်နေသည့် အသက်(၂၀)နှစ်မှ (၄၀)နှစ်အတွင်းရှိ စည်သူဟိန်း၊ ကျော်ဇေယျ၊ ရာဇာထက်၊ မောင်မှောက်၊ သီဟနိုင်၊ သန်းနိုင်ဦးနှင့် အောင်မျိုးဦးဆိုသူ တပ်ဖွဲ့ဝင်(၇)ဦးမှာ ကျောက်ကြီး(လယ်ဒို)မြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၉)ထံ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းအပတ်စဥ် (၇)၊ အပတ်စဥ် (၁၀)၊ အပတ်စဥ် (၁၃)တို့မှ သင်တန်းဆင်းတပ်ဖွဲ့ဝင်များဖြစ်သည့် ၎င်းတို့(၇)ဦးအနက် (၅)ဦးမှာ စစ်မှုထမ်းရန်စုဆောင်းခံလိုက်ရခြင်းဖြစ်ပြီး ကျန်(၂)ဦးမှာ အရောင်းစားခံခဲ့ရသူများ ဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
KNLA ထံ ဆက်သွယ်ဝင်ရောက်လာစဥ် လက်နက်များ တပါတည်းသယ်ဆောင်မလာနိုင်သော်လည်း တာဝန်ရှိသူများမှ အဖွဲ့၏စည်းမျဥ်းစည်းကမ်းများအတိုင်း ၎င်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည်ဟုလည်း ကေအဲန်ယူက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တရားဝင်တပ်သားစုဆောင်းခွင့် ဥပဒေပြဌာန်းလာသော စစ်အုပ်စုသည် တိုင်းနှင့်ပြည်နယ်တစ်ဝှမ်း လူငယ်လူရွယ်များကို အပတ်စဥ်(၁)မှစပြီး စစ်မှုထမ်းသင်တန်းပေးနေသည်။ တစ်ပတ်စဥ်လျှင် လူဦးရေ ၅ ထောင်နှုန်းဖြင့် ယခု အောက်တိုဘာလအတွင်း သင်တန်းအပတ်စဥ်(၁၅)အထိ စုစုပေါင်း တပ်သားသစ် ၇ သောင်းကျော်ကို သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကြောင်း စစ်မှုထမ်းခေါ်ယူရေးအဖွဲ့ မှတ်တမ်းမှ သိရသည်။
KNLA မဟာမိတ်တော်လှန်ရေးအင်အားစုတို့၏ အဆိုအရ တောင်ပိုင်းဒေသရှိ ၎င်းတို့ကိုယ် တွေ့ပါဝင်နေသော တိုက်ပွဲများအတွင်း စစ်အုပ်စုက အဆိုပါ တပ်သားသစ်များကို ရှေ့တန်းမှပါဝင် တိုက်ခိုက်စေပြီး အသေအပျောက်အများဆုံးမှာလည်း ထိုစစ်မှုထမ်းတပ်သားသစ်များ ဖြစ်သည်ဟု ဆိုသည်။
မိမိဆန္ဒမပါဘဲအတင်းအကြပ်ဖြစ်စေ၊ အလွဲသုံးစားလုပ်ခံရ၍ဖြစ်စေ ပုံစံအမျိုးမျိုးဖြင့် စစ်အုပ်စု၏ တပ်သားစုဆောင်းခံရသူများအနေဖြင့်နီးစပ်သည့် တော်လှန်ရေးတပ်ဖွဲ့များသို့ လက်နက်ချ၊ ဘက်ပြောင်းခိုလှုံကြရန်ကိုလည်း ကေအဲန်ယူက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။



















