Home သတင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားကလေးငယ်(၅)ဦးသေဆုံးပြီးအများအပြားထိခိုက်၊ ထပ်တိုး သေဆုံးမှုရှိလာနိုင်

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားကလေးငယ်(၅)ဦးသေဆုံးပြီးအများအပြားထိခိုက်၊ ထပ်တိုး သေဆုံးမှုရှိလာနိုင်

496
Photo: Crd.

အောက်တိုဘာလ ၁၀ ရက်၊၂၀၂၅ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ်အတွင်းက ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်တပ်က ယမန်နေ့ညမှာ ပေါင်(၅၀၀)ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံ အရပ်သားကလေးငယ်(၅) ဦး ထိခိုက်သေဆုံးသွားပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ(၉)ရက်နေ့ည (၈)နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်တွင် စစ်အုပ်စုဘက်က လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံးသီးတစ်လုံးအပြင် ၁၂၀ မမလို့ ယူဆရသည့် လက်နက်ကြီးဗုံးသီး ၂ လုံးကို ကျေးရွာအတွင်းသို့ ပစ်ချခဲ့သောကြောင့် အခုလို အပြစ်မဲ့အရပ်သားများ ထိခိုက်သေဆုံးရခြင်းဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူက “ညက (၈) နာရီ ၁၅ မိနစ် ၅၀ စက္ကန့်လောက်မှာ လာပစ်သွားတာ။ သူက ပေါင် (၅၀၀) ဗုံးနဲ့ လာပစ်သွားတော့ အိမ်နှစ်လုံးက လုံးဝ ကြေမွပျက်စီးသွားတာ။ အိမ်တစ်လုံးဆိုရင် လွင့်ထွက် သွားတာ သူများကလော်ထုတ် လိုက်သလိုပဲ။ ပေါင် ၅၀၀ က တစ်လုံး ကျန်တာက ၁၂၀ မမထင်တယ်။ နှစ်လုံး လာချသွားတာ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါထိခိုက်သေဆုံးသူများထဲတွင် အသက် (၁၂)နှစ်အရွယ် မပုလုံး၊(၁၀)နှစ်အရွယ် နော်မုဆီဆီ၊ (၇)နှစ်အရွယ် စောလင်းထက်သန်း၊ (၉)နှစ်အရွယ် နော်မယ်ကလာဖော နှင့် အသက်အတည်မပြုနိင်သေးသည့် စောထွန်းထွန်းမင်းတို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာ ရရှိသူ (၁၀)ဦးခန့်ရှိပြီး လက်ရှိအချိန်တွင်နီးစပ်ရာ ဆေးကုသမှု ခံယူနေရပြီး(၄)ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်သောကြောင့် အသက်အန္တရယ်စိုးရိမ်ရသည့် အခြေနေမျိုးရှိကြောင်း ကျေးရွာတာဝန်ရှိသူက ဆက်ပြောသည်။

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အရပ်သားနေအိမ် (၂)လုံးမှာပြိုကျပျက်စီးခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ နွား(၃)ကောင် နှင့် ဝက်(၂)ကောင်မှာလည်း လေယာဉ်ဗုံးထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။