Home သတင်း ကျောင်းဆရာ/ဆရာမများအတွက် အရေးပေါ် ထောက်ပံ့ကြေးလိုအပ်ချက်ကို ကူညီကြရန် ကရင်ပညာရေးအဖွဲ့ တောင်းဆို

ကျောင်းဆရာ/ဆရာမများအတွက် အရေးပေါ် ထောက်ပံ့ကြေးလိုအပ်ချက်ကို ကူညီကြရန် ကရင်ပညာရေးအဖွဲ့ တောင်းဆို

556

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် ကရင်ကျောင်းဆရာ/ဆရာမများအတွက် နှစ်စဉ်ထောက်ပံ့ကြေး အရေးပေါ် ရန်ပုံငွေလိုအပ်ချက်ကို ကူညီထောက်ပံ့ပေးရန် ကရင်ပညာရေးအဖွဲ့က တောင်းဆိုလိုက်သည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ကျောင်းဆရာများလုပ်ငန်းအဖွဲ့ (KTWG)တို့က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်ထုတ်ကာ ထိုသို့ တောင်းဆိုခြင်းဖြစ်သည်။

ယခုပညာသင်တန်းတွင် ဆရာ/ဆရာမများအား ထောက်ပံ့ရန် ရည်ရွယ်ထားသော ငွေကြေးထောက်ပံ့မှု လိုအပ်ချက်သည် လက်ရှိ ၅၉ ရာခိုင်နှုန်းသာ ရှိနေပြီး ကျန်ရှိနေသော ၄၁ ရာခိုင်နှုန်းအတွက် ရန်ပုံငွေ ထောက်ပံ့ရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် ယခုလို အရေးပေါ်လိုအပ်နေခြင်း ဖြစ်သည်ဟု KECD နှင့် KTWG တို့က ဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ်တွင် ဆရာ၊ ဆရာမတစ်ဦးလျှင် ထိုင်းဘတ် ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၃၅၀ ခန့်) ပံ့ပိုးရန် ရည်ရွယ်ထားသော်လည်း ရန်ပုံငွေမလုံလောက်မှုကြောင့် ထိုင်းဘတ်ငွေ ၁၀၅၀၀ ခန့်သာ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

“ သတ်မှတ်ထားတဲ့ ထောက်ပံ့ကြေး မပြည့်မီခဲ့ဘူးဆိုရင် ရှိတဲ့ အထဲကပဲ ပြန်ပြီး ဆရာ၊ ဆရာမတွေကို ညီတူညီမျှ ပြန်ခွဲဝေမယ်။ ဒါပေမယ့် မျှော်မှန်းထားတဲ့ ပမာဏအတိုင်း မပြည့်မီတော့သလို ပြီးခဲ့တဲ့နှစ်က ရခဲ့တဲ့အတိုင်းလည်း မရတော့ဘူးပေါ့နော်။ ဒါတွေက အထူးသဖြင့် နိုင်ငံတကာထောက်ပံ့ရေး ဖြတ်တောက်မှုကြောင့်ရယ်၊ ပြီးတော့ ဆရာ/ဆရာမနဲ့ ကလေးဦးရေတွေ များလာတဲ့အပေါ်ရယ် ကြားထဲ လိုအပ်ချက်တွေ ရှိသွားရတာပါ ” ဟု KECD ဌာနမှူး ပဒိုစောလောအယ်မူးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ ကျောင်းဆရာ/ ဆရာမ ၁၀၀၀၀ ကျော်အား လာမည့် ပညာသင်နှစ်အတွက် ငွေကြေးထောက်ပံ့မှု ရန်ပုံငွေ ပြည့်မီမှုမရှိပါက ဆရာ/ဆရာမများအတွက် ထောက်ပံ့မှုငွေပမာဏများလည်း လျော့နည်းသွားနိုင်ဖွယ်ရှိသည်ဟု ကရင်ပညာရေးအဖွဲ့များက ဆိုသည်။

ယခုလို နှစ်စဉ်ထောက်ပံ့ငွေ ရရှိမှု လျော့နည်းလာပါက စီးပွားရေးနှင့် နိုင်ငံရေးမတည်ငြိမ်သည့် ကာလအတွင်း ဆရာ/ဆရာမများ၏ မိသားစုစားဝတ်နေ‌ရေးအတွက် အခက်အခဲဖြစ်နိုင်စေသကဲ့သို့ ၎င်းတို့အပေါ် ဝန်ထုပ်ဝန်ပိုးများ ရှိလာနိုင်ကြောင်း သိရသည်။

ဖားအံခရိုင် KECD ကျောင်းဆရာမ တစ်ဦးက “ ကုန်ဈေနှုန်းတွေ မြင့်လာတော့လေ ဆရာမတွေရတဲ့ လစာက အလွန် နည်းပါးပေမယ့်လည်း ထောက်ပံ့ကြေးရတော့ စား၀တ်နေရေး အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်ရပါတယ်။ ”ဟု ပြောသည်။

ထို့ကြောင့် ကရင်ပညာရေးအဖွဲ့၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ဆရာ၊ ဆရာများအတွက် နှစ်စဉ်ထောက်ပံ့ကြေးသည် ပညာသင်ကြားပေးနေသည့် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကလေးသူငယ်များ၏ အနာဂတ်အတွက် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေသောကြောင့် ဝိုင်းဝန်း ကူညီပေးကြရန် တိုက်တွန်းပြောဆိုထားသည်။

ယခုနှစ် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် KECD စီမံအုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်းပေါင်း (၁၇၃၈) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ (၁၄,၉၇၂၈) ပညာသင်ယူနေပြီး ကျောင်းဆရာ၊ဆရာမ (၁၁၉၃၉)ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိသည်ဟု KECD ၏ စာရင်းအရ သိရသည်။