Home သတင်း ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီပြော

ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်မည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီပြော

501

အောက်တိုဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်အုပ်စု ကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်ရှိ မဲဆန္ဒ နယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) ၏ အထွေထွေအတွင်းရေးမှူး စောကြည်လင်းက ကေအိုင်စီသို့ ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးနေရာပါအဝင် မဲဆန္ဒနယ် ၃၆ နေရာရှိသည့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်း သားရေးရာဝန်ကြီးနှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှလွဲ၍ ကျန်သည့် မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်သွားမည်ဟု ဖလုံ-စဝေါ်ပါတီ ပါတီအထွေထွေအတွင်းရေးမှူး စောကြည်လင်းက ပြောသည်။

၎င်းက “အခုက FTPT (မဲအများဆုံးရသူ အနိုင်ယူစနစ်) မဟုတ်တော့ဘူး။ PR (အချိုး ကျကိုယ်စားပြုစနစ်) ပါလာတော့ နေရာအစုံမဝင်ရင် PR မှာ သွားထိပြီးလေ။ အဲဒါကြောင့် အကုန်တော့ ဝင်ပြိုင်မယ်။ စမ်းကြည့်ရ တာပေါ့။ ၃၄ နေရာ ဆိုတာက နည်းတာ မဟုတ်ဘူးလေ။ ဒါလည်း တာဝန်တစ်ရပ်လို့ပဲ ပြောရမှာပေါ့” ဟု စောကြည်လင်းက ပြောသည်။

ထို့အပြင် ဖလုံ-စဝေါ်ပါတီအနေဖြင့် မဲဆန္ဒနယ်နေရာအားလုံးတွင် ဝင်ပြိုင်ရန် စီစဉ်နေသော်လည်း လက်ရှိအချိန်တွင် လုံခြုံရေးအခြေအနေနှင့် ဒေသတွင်းအခြေအနေများကြောင့် ပါတီရုံးများကို ယခင်ရွေး ကောက်ပွဲများကဲ့သို့ အများအပြား မဖွင့်လှစ်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကရင်ပြည်နယ်၌ ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီအပြင် ပြည်နယ်အခြေစိုက် ကရင်အမျိုး သားဒီမို ကရက် တစ်ပါတီ (KNDP) သည်လည်း လာမည့် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော် KNDP သည် ဖလုံ-စဝေါ်ပါတီထက် ဝင်ပြိုင်မည့် မဲဆန္ဒနယ်အရေအတွက် နည်းမည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ကရင်ပါတီအနေဖြင့် ကရင်အမျိုး သားဒီမိုကရက်တစ်ပါတီ (KNDP) တစ်ခုတည်းသာ မဲဆန္ဒနယ်အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ဖလုံ-စဝေါ်ပါတီမှာ ကရင်ပြည်နယ်အတွင်း မည်သည့် မဲဆန္ဒနယ်မျှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတစ်ခုတည်းကိုသာ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဖြစ်သူ စောခင်မောင်မြင့်မှာ အာဏာသိမ်းစစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ခန့်အပ်ခြင်းခံရသည်။

လက်ရှိကာလအတွင်း ကရင်ပြည်နယ်၌ ဖားအံ၊ လှိုင်းဘွဲမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်များတွင် တိုက်ပွဲ အခြေအနေ ပြင်းထန်နေဆဲဖြစ်သည်။ တိုက်ပွဲကြောင့် ဒေသခံပြည်သူများ သိန်းနှင့်ချီ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်း ရှောင်နေကြရသည်။ ပြည်နယ်တွင်း မဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲပြုလုပ်နိုင်ရန်အတွက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ သိမ်းယူထားသည့် နေရာများကို အာဏာသိမ်းစစ်အုပ်စုဘက်က တပ်အင်အားအလုံးအရင်း အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ယူရန် ကြိုးပမ်းလျက်ရှိသည်။

တချိန်တည်းတွင် ပြည်နယ်အခြေစိုက် အာဏာသိမ်းစစ်အုပ်စုလက်အောက်ရှိ နယ်ခြားစောင့်တပ် (BGF) အဖွဲ့အပါ အဝင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အဖွဲ့တို့ကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲကို ပူးပေါင်းကာကွယ်သွားမည်ဟု ပူးတွဲသဘောထားထုတ်ပြန်ထားသည်။