Home သတင်း ၂၀၂၅ ခုနှစ်အတွက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့အဖြစ် ဖားအံမြို့ ဆုရရှိ

၂၀၂၅ ခုနှစ်အတွက် အာဆီယံ ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့အဖြစ် ဖားအံမြို့ ဆုရရှိ

450

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှ ပေးအပ်သည့် ၂၀၂၅ ခုနှစ်၏ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ကရင်ပြည်နယ် ဖားအံမြို့မှ ဆုရရှိခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၃)ရက်နေ့တွင် မလေးရှားနိင်ငံ၊ လန်ကာဝီ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်အတွက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မြှင့်တင်လုပ်ဆောင်ပေးနေသည့် မြို့များကို အသိအမှတ် ပြုပေး အပ်သည့် ယခုနှစ်အတွက် ၆ ကြိမ်မြောက်ဆုကို မြန်မာနိုင်ငံမှ ဖားအံမြို့အပါအဝင် အခြားနိုင်ငံ (၉) နိုင်ငံမှရရှိခဲ့ခြင်း ဖြစ်သည်။

ရှေးဟောင်းသုတေသနပညာရှင် ​ဒေါက်တာ နော်ယုဇနဝင်းက “ကိုယ့် အနေနဲ့ ဆုရတာကို ကြိုဆိုတယ်။ သူတို့ ဆုပေးစနစ်ထဲမှာ ဒီအမှိုက်ထိန်းသိမ်းမှု ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းမှုအပိုင်း ထည့်စဥ်းစားတာ တွေ့ရတယ်။ လက်ရှိမှာလည်း ရသေ့ပျံဂူအနီးတဝိုက်မှာ ဒီဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ထဲထဲဝင်ဝင် လုပ်ဆောင်နေတော့ ဒါကသက်ရောက်မှုတစ်ခု ဖြစ်မယ်။ ခရီးသွားလုပ်ငန်း မှာလည်း အမှိုက်စွန့်ပစ်မှုတွေကို ပြန်ပြီးကြပ်မတ်လာတာ တွေ့ရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်ဖွံဖြိုးမှု ဆုကို ရရှိခြင်းမှတဆင့် ဒေသ အတွင်းရှိ ထုံးကျောက်တောင်များ၊ ‌ဇီ၀မျိုးစုံမျိုးကွဲများ ပိုမိုထိန်းသိမ်း လာနိုင်ကြစေရန်အတွက်လည်း မျှော်လင့်မိကြောင်းလည်း ဒေါက်တာ နော်ယုဇနဝင်းက ဆက်ပြောသည်။

“အခုဆို ဖားအံက ခရီးသွားတွေ တော်တော်လာကြတယ်။ ဌာနေပြည်သူတွေ ခရီးသွားလာသူတွေက ခရီးသွား လုပ်ငန်းဖော်ဆောင်ဖို့ သဘာဝပတ်ဝန်းကျင် ပိုမိုထိန်းသိမ်းလာနိုင်ဖို့ တာဝန်သိ ခရီးသွားတွေ များလာစေဖို့ မျှော်မှန်းပါတယ်”ဟု ဒေါက်တာ နော်ယုဇနဝင်းက ထပ်လောင်းပြောဆိုသည်။

ဖားအံမြို့နယ်တွင် ပြည်တွင်းခရီးသွားများသာမက ကမ္ဘာလှည့်ခရီးသွားများပါ စိတ်ဝင်စားစေသည့် သဘာဝ တောင်များရှိသည့် ခရီးသွားလည်ပတ်စရာနေရာ အများအပြား ရှိနေသောကြောင့် ခရီးသွားများ နှစ်စဉ်တိုးလာသည်ဟု ဒေသတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

ဖားအံမြို့နယ်အတွင်းရှိ ခရီးသွားဒေသများဖြစ်သည့် ဇွဲကပင်၊ ကျောက်ကလပ်၊ ဆန္ဒဂူ၊ ကော့ကသောင်၊ တောင်ဝိုင်း၊ ထွန့်ပတိုင်၊ လွန်းညရေပြာအိုင်၊ ကော့ဂွန်း၊ ရသေ့ပျံ၊ ဘုရင့်ညီဂူအပြင် လှိုင်းဘွဲမြို့ နယ်ထဲတွင် ရှိသည့် ကျုံထော်ရေတံခွန် စသည့် နေရာများသို့ ခရီးသွားများ လာရောက်လည်ပတ်မှုများသည်ဟု သိရသည်။

လက်ရှိတွင် လာမည့် တန်ဆောင်တိုင်ရက်ရှည် ပိတ်ရက်ကာလများတွင် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ လာရောက် လည်ပတ်ရန် ဟိုတယ်ခန်းများ ကြိုတင်ဘိုကင်(Booking)မှာယူထားမှုများကြောင့် ဖားအံမြို့တွင်း ဟိုတယ်အများစု အခန်းပြည့်နေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။