အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် – ကေအိုင်စီ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်သည် ရွေးကောက်ပွဲနယ်မြေစာရင်းတွင် မပါဝင်သော်လည်း မဲပေးနည်းသရုပ်ပြပွဲများကို စစ်အုပ်စုထိန်းချုပ်သည့် ရပ်ကွက်ဒေသကျေးရွာများတွင် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ နေ့စဉ် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ မဲပေးနည်း သရုပ်ပြပွဲများကို စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်အုပ်စု ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ကြေညာထားသော အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များမှ ဒေသခံများအား ဆင့်ခေါ်ကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကော့ကရိတ်ဒေသများက ပြောသည်။
“ရပ်ကွက်လူတွေခေါ်ပြီး မဲထည့်နည်း လာကြည့်ခိုင်း မဲအစမ်းထည့်ခိုင်းနေတယ်။ နဘူးစစ်တပ် ၃ တပ်က လူတွေ၊ ၉၇၊ စကခ ၁၂ ဘက်က စစ်သားမိသားစုတွေ နေ့တိုင်း အသုတ်လိုက်လာလာအစမ်းထည့် ရတာတွေလုပ်နေတယ်။ ရွာဘက်တွေလုပ်ရင် BGF တွေ၊ PC တွေ၊ ရွာက မဘသ၊ ပျူစောထီးတွေ လုံခြုံရေး စောင့်ရတယ်” ဟု ကော့ကရိတ်မြို့ခံ သတင်းအရင်းအမြစ်က ပြောသည်။
ကော့ကရိတ်သည် ရွေးကောက်ပွဲနယ်မြေ သတ်မှတ်ကြေငြာထားမှုတွင် မပါဝင်သော်လည်း ရပ်ကွက် သားများအား ခေါ်ယူပြီးမဲထည့်နည်းအစမ်းလေ့ကျင့်ခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက “ ဘာလို့ လုပ်နေရတာလဲဆိုတော့ နီးရင်ပါချင်ပါလာနိုင်လို့ ကြိုလုပ်နေတာလို့ ရပ်ကွက်အုပ်ကြီးတွေက ပြောတယ်လေ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁)အဖြစ် ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ ကြေငြာထားမှုတွင် ဖားအံမြို့၊ မြဝတီမြို့၊ သံတောင်ကြီးမြို့နယ် ၃ ခုသာပါဝင်သည်။ သို့သော် ကော့ကရိတ်မြို့၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့နယ်များဘက်တွင် စစ်အုပ်စုထိန်းချုပ်သည့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံများအား ဆင့်ခေါ်ပြီး မဲထည့်သရုပ်ပြမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
“ကိုယ်စားလှယ် ဘယ်သူဝင်ရွေးမလဲ ဆိုတာလည်း အခုအချိန်အထိ ကြေငြာတာမျိုးတော့ မကြား မိသေး ဘူး။ မဲစာရင်း လာကြည့်ခိုင်းတယ်၊ ရပ်ကွက်ရုံးမှာ ဓါတ်ပုံရိုက်တယ်၊ သတင်းတင်တယ်။ ဒီလောက်ပဲ လုပ်တာတွေ့ရတယ်” ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိ အောက်တိုဘာလ ၁၃ ရက်အထိ ဖားအံမြို့၊ မြဝတီမြို့နှင့် သံတောင်ကြီးမြို့နယ်ဘက်တွင် ရွေး ကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ကရင်တိုင်းရင်းသားပါတီ၊ မွန်တိုင်းရင်းသားပါတီ၊ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်တို့ ရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဝင်အင်အားစုဆောင်းခြင်းမျိုး မတွေ့ရှိရသေးကြောင်း မြို့ခံများက ပြောသည်။
သို့သော် စစ်အုပ်စုလက်အောက်ခံ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် ရပ်ကွက် ကျေးရွာများသို့ ပါတီစည်းရုံးရေး အစည်းအဝေးများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။



















