အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်အုပ်စု တပ်များသည် ကျေးရွာရှိနေအိမ်များကို ဝင်ရောက်ဖောက်ထွင်းပြီး စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်မှုများလုပ်ဆောင်လျက်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် အင်အား (၁၀၀) ဝန်းကျင်ဖြင့် ရေဖြူမြို့နယ် ထားဝယ် အထူးစီးပွားရေးဇုန်ဒေသအတွင်းရှိ မူးဒူးကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်အုပ်စု တပ်မှ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲခဲ့သည်။ ထို့နောက် ကျေးရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း ရေဖြူမြို့နယ် စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။
“အခုလက်ရှိက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီးတော့ ရွာထဲမှာရှိသမျှဟာတွေကို သယ်တယ်။ နေအိမ်တွေထဲကနေလည်း စားသောက်စရာတွေကို ရသလောက် သယ်တယ်။ ပြီးရင် ဘုန်းကြီး ကျောင်းထဲကို ပြန်ပြီး ဝင်သွားတယ်။ အခုချိန်ထိ တပ်စွဲထားတဲ့အတွက် ရွာသားတွေက နေရပ်မပြန်ရသေးဘူး” ဟု ကေအိုင်စီသို့ ပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ရွာသို့ ရောက်လာပြီး ယင်းမှတစ်ဆင့် မူးဒူးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲထိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းစစ်ကြောင်းသည် လောင်းလုံးမြို့ဘက်သို့ ဝင်ရောက်လာသည့်အချိန်တွင်လည်း ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့၍ အနီးပတ်ဝန်းကျင်ရှိ ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ရှဲဒိုးက ပြောသည်။
စစ်အုပ်စုတပ်သည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ များတွင် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ်နှင့် အမျှ လုပ်ဆောင်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။



















