Home သတင်း မွန်ပြည်နယ်တွင် တစ်လအတွင်း အရပ်သား ၁၀၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်တွင် တစ်လအတွင်း အရပ်သား ၁၀၁ ဦး ဖမ်းဆီးခံရ

614
Photo: Crd.

အောက်တိုဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာတစ်လအတွင်း အရပ်သားပြည်သူ ၁၀၁ ဦး အကြောင်း အမျိုး မျိုးဖြင့် အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း မွန်ဒေသတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှု များကို မှတ်တမ်းပြုစုထားသည့် လဂွန်းအိမ်စာစဉ်က ယမန်နေ့တွင် ဖော်ပြသည်။

စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက် နယ်မြေတွင်း ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပေါ် လျက်ရှိ ရာ မွန်ဒေသ၌ စက်တင်ဘာလတစ်လထဲတွင်ပင် စစ်အုပ်စု၏ လူသားဒိုင်းလုပ် ဖမ်းဆီးခံရသူ ၃၀ ဦး၊ အဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၃၁ ဦးနှင့် အကြောင်းအရင်းမရှိ ဖမ်းဆီးခံရသူ ၄၀ ဦး စုစုပေါင်း ၁၀၁ ဦးရှိခဲ့ ကြောင်း လဂွန်းအိမ်စာစဉ်က အသေးစိတ်ဖော်ပြသည်။

စစ်အုပ်စုက အရပ်သားများကို ဖမ်းဆီးမှုအပြင် ခြိမ်းခြောက်ခြင်း၊ ငွေကြေးတောင်းခြင်း၊ လူသားဒိုင်း လုပ်ခိုင်းမည့်သူများ ပြန်လည်လွတ်မြောက်ရန် ငွေကောက်ခံခြင်းတို့ ပြုလုပ်ခဲ့သေးသည်ဟုလည်း ဆိုသည်။ ၎င်းအပြင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စစ်အုပ်စုက အတင်းအကြပ် စစ်မှုထမ်း ဆောင် စေမှုတွင် မွန်ပြည်နယ်၌ စစ်မှုထမ်းအပတ်စဉ် (၇)အတွက် လူငယ် ၂၄၀ ဝန်းကျင်ပါဝင်ခဲ့ကြောင်း လဂွန်းအိမ်၏ မှတ်တမ်းအရ သိရသည်။

ထို့အတူ ပြီးခဲ့သည့် တစ်လအတွင်း စစ်အုပ်စု လက်ချက်ကြောင့် သေဆုံးသူ ၈ ဦးအထိရှိခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရသူ ရှိခဲ့သည်။ ၎င်းတို့အပါအဝင် အာဏာသိမ်းထားသည့် ၄ နှစ်ကျော်၌ မွန်ပြည်နယ် တစ်ခုတည်းတွင် စစ်အုပ်စုကြောင့် အရပ်သား (၂၀၀၀) ကျော် ဖမ်းဆီးခံလိုက်ရပြီး သေဆုံးသူ (၃၀၀) ကျော်နှင့် ဒဏ်ရာရသူ (၅၀၀) ကျော်ခဲ့ပြီးဟုလည်း ၎င်းအဖွဲ့က ဆိုသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁)/ ဒူးသထူခရိုင်နယ်မြေလည်းဖြစ်သည့် မွန်ဒေသသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း ‌စစ်ဒေသလည်း ဖြစ်သည်။ ထိုဒေသတွင် ကရင့်လက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များအပြင် ဌာနေမွန်တော်လှန်ရေး အင်အားစုများလည်း အုပ်ချုပ်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသော နယ်မြေဖြစ်သည်။

နယ်မြေ ပိုမိုထိန်းချုပ်နိုင်ရေး စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုများကြောင့် မွန်ဒေသ၌ လူငယ်များ ပစ်မှတ်ထား ဖမ်းဆီးမှုခံနေရသဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ပိုမိုကင်းမဲ့လာနေကြောင်းလည်း မွန်ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။