ဖားအံ၊ ဖားဘောင်ရွာမှာ ကေအဲန်ယူလက်နက်ကြီးကြောင့် စာသင်နေသည့် ကလေးငယ်နှင့်ဒေသခံများ ထိခိုက်သေဆုံးဆိုသည့် သတင်းမှား
အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။
Fact-check_ KIC/ The Red Flag/ MFCN
· အနှစ်ချုပ်
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ဖားဘောင်ကျေးရွာမှာ ကေအဲန်ယူ၏လက်နက်ကြီးကြောင့် ကလေးငယ်(၁)ဦး ဒေသခံ(၁)ဦး သေဆုံးကာ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုဖြန့်ဝေထားသည့် အကြောင်းအရာသည် မှားယွင်းတင်ဆက်ထားသည့် သတင်းမှားဖြစ်ပါသည်။
အောက်တိုဘာ (၂၀) ရက်နေ့က ဖားဘောင်ရွာရှိ ကလေးငယ်များစာသင်ရာ ကျောင်းဆရာမတစ်ဦး၏နေအိမ်ပေါ်ကို ကေအဲန်ယူက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ထိခိုက်သေဆုံးမှုများ ဖြစ်ပွားရကြောင်း စစ်အုပ်စုဝါဒဖြန့် Myanmar Transparency News-MT News က ရေးသားဖြန့်ဝေသည်။ ကမမောင်းဆေးရုံသို့ စစ်အုပ်စုတာဝန်ရှိသူတို့ သွားရောက်မှတ်တမ်းတင်ခဲ့သည်ဟုဆိုကာ ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။၎င်းကို ဝက်ဆိုက်ဒ်အပါအဝင် Subscribes ပြုလုပ်သူ ၂ သောင်း၄ထောင်ကျော်ရှိသည့် တယ်လီဂရမ်ချန်နယ်တွင်ပါ ဖြန့်ဝေထားပြီး ယနေ့(အောက်တိုဘာ ၂၇ ရက်နေ့)အထိ ကြည့်ရှုသူ ၂ ထောင်ကျော်ရှိနေသည်။
https://archive.ph/ZE4ok MT News
ဆက်စပ်သတင်းမှားလင့်ခ်
https://archive.ph/YRBvN Snow Queen
https://archive.ph/OHWZ7 D.I Thameedaw
အချက်အလက်စိစစ်နေသည့် Myanmar Fact-Checking Network အဖွဲ့ဝင် ကေအိုင်စီသတင်းဌာနက ၎င်းကို စစ်ဆေးကြည့်သည့်အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။
· သတင်းစိစစ်ချက်
စစ်အုပ်စုဆိုရှယ်မီဒီယာများက ဝါဒမဖြန့်ဝေခင် အောက်တိုဘာ ၂၁ ရက်နေ့ကတည်းက ဖားအံမြို့နယ်၊ ဖားဘောင်ကျေးရွာမှာ အောက်တိုဘာ ၂၀ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်တွင် လက်နက်ကြီးကျ၍ ကလေးငယ်များအပါအဝင် ဒေသခံ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကေအိုင်စီက ကနဦးသတင်းဖော်ပြခဲ့သည်။
ကေအဲန်ယူသတ်မှတ်နယ်မြေအရ ဖာပွန်ခရိုင်နှင့် သထုံခရိုင်အကြားရှိသည့် ဖားအံမြို့နယ်၊ ဖားဘောင်ရွာသို့ အနီးရှိ ဖာပွန်၊ ကမမောင်းအခြေစိုက် စစ်တပ်စခန်းက ၁၂၀ မမ လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံလေးဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောဆိုချက်ကို ကေအိုင်စီသတင်းတွင် တွေ့ရသည်။
KIC – https://shorturl.at/HtAMi
ကေအဲန်ယူ-ဗဟို၏ တရားဝင် ပြန်ကြားရေးကလည်း ကမမောင်းစစ်အုပ်စုတပ်စခန်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခြင်းကြောင့် ဖားဘောင်ရွာရှိ စာသင်နေသည့် နေအိမ်ပေါ်ကျကာ စောတူ (၃၇) နှစ်၊ နော်အေးမူ (၁၂) နှစ် နှင့် နော်ချမိ (၆) နှစ်တို့ (၃) ဦးသေဆုံးခဲ့သည်။ ထို့အတူ ဒေသခံ (၁၇)ဦး ထိခိုက်ခဲ့ကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့မပို့ခင် လက်နက်ကြီးကျပြီးကာစနှင့် ကျပြီးနောက် နေအိမ်ထိခိုက်ပျက်စီးမှု မှတ်တမ်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
KNU – https://shorturl.at/t57Mr
ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကွန်ရက်-KPSN ကလည်း အောက်တိုဘာ ၂၀ ရက်နေ့တွင် ဖားဘောင်ရွာသို့ စစ်ကောင်စီလက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး နေရာတွင်ပင်သေဆုံးကာ (၆)နှစ်အရွယ် နောက်ထပ်ကလေးငယ်တစ်ဦးမှာ ဖားအံ၊ တောင်ကလေးဆေးရုံသို့ရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အောက်တိုဘာ ၂၃ ရက်နေ့က ပုံနှင့်တကွဖော်ပြသည်။
KPSN – https://shorturl.at/enuPq
Google advance search tools ကို အသုံးပြု၍ “ကမမောင်းစစ်အုပ်စု” “ဖားဘောင်ရွာလက်နက်ကြီး” စသည့် Keyword များဖြင့် အွန်လိုင်းမှရှာဖွေစိစစ်ရာတွင်လည်း သတင်းလုပ်ငန်းစဥ်အတိုင်း ဖော်ပြနေသည့် ကရင်ဒေသတွင်းသတင်းဌာန Salween Press က လည်း ဒေသခံပြောဆိုချက်ကို ကိုးကားပြီး ကမမောင်းစစ်အုပ်စုက လက်နက်ကြီး ၃ လုံး၊ ဖားဘောင်ရွာကို ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းဖော်ပြထားသည်။
Salween Press – https://shorturl.at/RzZKI
· သတင်းသုံးသပ်ချက်
ယုံကြည်စိတ်ချရသည့် သတင်းဌာနများနှင့် အရပ်ဖက်အဖွဲ့တို့က ဖော်ပြချက်အရ အောက်တိုဘာ (၂၀)ရက်နေ့ ညနေပိုင်းက စစ်အုပ်စု တပ်စွဲထားသည့် ကမမောင်းတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားဘောင်ရွာရှိ ဒေသခံနှင့်ကလေးငယ်(၃)ဦး သေဆုံးပြီး (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမှာ ထင်ရှားသည်။
ထို့အပြင် ကေအဲန်ယူဗဟို၏ထုတ်ပြန်ချက်တွင် လက်နက်ကြီးပေါက်ကွဲပြီးကာစ အခြေအနေပြ မှတ်တမ်းဓာတ်ပုံများကို ဖော်ပြနိုင်ခဲ့ပြီး သတင်းဌာနဖော်ပြချက်များနှင့် အလားတူ ကိုက်ညီမှုရှိနေသည်။
ယခင်ကလည်း စစ်အုပ်စုသည် ၎င်းတို့ကမမောင်းစခန်းနှင့် ဖားအံမြို့နယ်အတွင်းရှိ အခြေချစခန်းများမှ ကမမောင်းမြို့နှင့်နီးသည့် ဖားဘောင်ရွာအပြင် အနီးတဝိုက်ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်ခဲ့ဖူးကြောင်း ကေအိုင်စီသတင်းဌာန၏ ဖေဖော်ဝါရီ ၁၉ ရက် ၂၀၂၅ ခုနှစ် သတင်းတွင် တွေ့ရသည်။
KIC – https://shorturl.at/OKfCY
ဖော်ပြပါ အချက်အလက်စိစစ်ချက်များအရ အရပ်သားပြည်သူများထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စစ်အုပ်စုမှ လူထုနေထိုင်ရာကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုဖြစ်ကြောင်း သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork



















