ဖာတစ်ရာ လမ်းမပေါ်က ခေါင်းစဉ်မဲ့ စကားဝိုင်း
စောအယ်ကလူတော
(အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅)
ထိုနေ့မှာ အောက်တိုဘာလရဲ့ ပထမအပတ် နောက်ဆုံးရက် တနင်္ဂနွေနေ့၊ ဆောင်းဦးရဲ့ အေးမြတဲ့ အငွေ့အသက်ကို စတင်မိတ်ဆက်ပေးလိုက်တဲ့ မနက်ခင်းလေးတစ်ခု။ ရာသီဥတုကလည်း ခရီးထွက်ဖို့အတွက် ဆွဲဆောင်မှုအပြည့်နဲ့ ဖိတ်ခေါ်နေပါတယ်။
ထွက်ခွာရမယ့်အချိန် ရောက်လာတာကြောင့် ကားစပါယ်ယာက ခရီးသည်တွေကို “ကားထွက်ချိန်ရောက်ပြီ၊ ကားပေါ်တက်ပါခင်ဗျား” ဆိုပြီး ကားပေါ်တက်ဖို့ အသိပေး ဆော်သြသံပေးပြီး ခဏအကြာမှာပဲ စက်နှိုးထားတဲ့ light truck ကားကလေးက မညီမညာ ကတ္တရာလမ်းမပေါ် တဖြည်းဖြည်းချင်းတက်ကာ ဦးတည်ရာကို စတင်ထွက်ခွါပါတော့တယ်။
အခုမြင်ကွင်းကတော့ လှိုင်းဘွဲနဲ့ ဖားအံမြို့ကို ပြေးဆွဲနေတဲ့ လိုင်းကားလေးတွေရဲ့ နေ့စဉ်လုပ်ဆောင်ချက်တစ်ခုပါ။
လှိုင်းဘွဲနဲ့ ဖားအံမြို့ချင်း ဆက်သွယ်ထားတဲ့ လမ်းမပေါ်က သာမန်အရပ်သားတွေအတွက် ရည်ရွယ် ပြေးဆွဲနေတဲ့ အဲ့ဒီလိုင်းကားလေးဟာ ပြုပြင်ဖာထေးထားတဲ့ လမ်းမကြီးကြောင့် ကားဆရာက ကား မနာအောင် အရှိန်ကိုထိန်းမောင်းရင်း လှိုင်းဘွဲမြို့အထွက်က ရဲ၊ စစ်သားပါဝင်တဲ့ စစ်ဆေးရေး ဂိတ်အရောက်မှာတော့ ကားကို ခေတ္တခဏ ရပ်ပေးလိုက်ပါတယ်။
ကားပေါ်လိုက်ပါလာသူများထဲမှာ အသက် ၃၀ ဝန်းကျင်အရွယ် မွတ်စလင်အမျိုးသမီးတစ်ဦးက ၈ နှစ်ဝန်းကျင်သာရှိအုံးမယ့် သမီးနှစ်ယောက်နှင့်အတူ ကားထိုင်ခုံတန်းရဲ့ လက်ဝဲဘက်ခြမ်းမှာ နေရာယူထိုင်နေပါတယ်။
သူမနဲ့ သက်တူရွယ်တူလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးကလည်း လသာအရွယ်ကလေးငယ်ကို ပွေ့ချီ ထားရင်း ၆ နှစ်ဝန်းကျင်သားကလေးကို အနားမှာကပ်ထားကာ ကလေးမိခင်အမျိုးသမီးရဲ့ မျက်နှာချင်းဆိုင်မှာ အသက် ၆၀ အရွယ် အမျိုးသမီးကြီးနဲ့အတူ ထိုင်နေပါတယ်။
ကားနောက်တန်းကလေးမှာတော့ လူလတ်ပိုင်းအရွယ် ကားစပါယ်ယာကတွဲခိုရင်း ကွမ်းကို ပလုတ် ပလောင်း စားရင်း လိုက်ပါလာပါတယ်။ မိုးပက်မှာကို စိုးရိမ်တဲ့အတွက် ကားနောက်ခန်းကို တာလပတ်နှင့် အလုံပိတ်ထားလိုက်တယ်။
လှိုင်းဘွဲမြို့အထွက် စစ်ဆင်းရေးဂိတ်အရောက်မှာ ရဲနှင့် စစ်သားပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကားကို ပတ်ပတ်လည်လှည့်ပတ်ကြည့်ရင်း ကားပေါ်ပါ ပစ္စည်းနဲ့ ခရီးသွားတွေရဲ့ အခြေအနေကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် ရဲတစ်ဦးရဲ့ အချက်ပေးမှုကြောင့် ကားကို ထွက်ခွာခွင့်ပေးလိုက်ပါတယ်။
ထိုစဉ်မှာပဲ ဂိတ်ကို ကျော်မောင်းထွက်ခွာသွားတဲ့အခါ မွတ်စလင်အမျိုးသမီးနဲ့အတူ ပါလာတဲ့ သမီးနှစ်ဦးထဲက အငယ်လို့ယူဆရတဲ့ ၆ နှစ်အရွယ် ကလေးမလေးဟာ ရဲနဲ့ စစ်သားကို မြင်မြင်ချင်းမှာပဲ ထူးခြားတဲ့ အပြုအမူကို လုပ်ဆောင်လိုက်တာကို အံ့ဩစွာ တွေ့မြင်ရတယ်။
“ဟား… ဟိုမှာ စစ်သားတွေ၊ ပုလိပ်တွေ” ပါးစပ်မှာ ရေရွတ်ကာ လက်ခလယ်ကို အားရပါးရ ထောင်ပြနေတယ်။ ထိုအပြုအမူကို ကြည့်ရင်း ကားစပါယ်ယာက “နင့်ကို ဟိုက ဖမ်းခေါ်ထားမှာ မကြောက်ဘူးလား” ဆိုပြီး ဝင်ပြောလိုက်ပေမယ့်လည်း ကလေးမလေးမှာ ကြောက်ရွံ့တဲ့အမူအရာပင် မတွေ့ရပါ။
အဲ့ဒီအချိန်မှာ မွတ်စလင်အမျိုးသမီးက “သူက ရဲတွေ၊ စစ်သားတွေ တွေ့ရင် အဲ့လိုပဲ လိုက်လုပ်ပြနေတာ။ ဟိုကလည်း ကလေးဆိုတော့ ဘာမှသဘောမထားကြဘူး။ သူ့အဖေတွေ ပြောတာတွေ လိုက်နားထောင်ရင်း စစ်သားတွေ၊ ရဲတွေကို သူက အလိုလို ကြည့်မရဖြစ်နေတာ” ဟု ဝင်ပြီး ရှင်းပြလေတယ်။
တစ်ဆက်တည်းမှာပဲ ကားစပါယ်ယာဖြစ်သူက အခုနောက်ပိုင်း ထိုင်းကုန်စည်တွေကို ပစ်မှတ်ထား ဖမ်းဆီးတဲ့ အခြေအနေတွေကစလို့ လိုင်စင်မဲ့ယာဉ်တွေကို မတရားသဖြင့် ဖမ်းဆီးတဲ့ အခြေအနေတွေအဆုံးစပြီး စကားစချီလာပါတော့တယ်။
အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နယ်စပ်ကနေ တင်သွင်းတဲ့ ကုန်စည် (၃၅) မျိုးကို ယာယီ တင်သွင်းခွင့် ပိတ်ပင်ထားရာကစပြီး ဖားအံမြို့ထဲ ဝင်မယ့် ကုန်စည်လမ်းကြောင်းတွေကို စစ်တပ်ဘက်က ရဲ၊ နယ်ခြားစောင့်တပ်တို့နဲ့ ပူးပေါင်းပြီး စစ်ဆေးရေးဂိတ်အမြောက်အများကို ချ၊ စစ်ဆေးဖမ်းဆီးနေတဲ့ အခြေအနေကို သူ ဆိုလိုတာ ဖြစ်ပါတယ်။
ထိုအခြေအနေကို ကားစပါယ်ယာက “အခုက ထိုင်းပစ္စည်းတွေ အသေဖမ်းတာ။ ဆီတွေဆိုလည်း အဝင်မခံဘူး။ အဓိက ထိုင်းက လာတဲ့ ပစ္စည်းအကုန် ဖမ်းတယ်။ ဆိုင်ကယ်အပိုပစ္စည်းတောင် အဝင် မခံဘူး။ သူတို့ပဲ အဲ့ဒီ ထိုင်းပစ္စည်းတွေ ဖမ်းတယ်။ ပြီးရင် သူတို့ကိုယ်တိုင်ပဲ အဲ့ဒီပစ္စည်းတွေ ပြန်ရှာဝယ်ကြတယ်။ ပစ္စည်းတွေ ဖမ်းမိရင် အဲ့ဒါ သူတို့ တောင်းသလောက် ပေး။ ညှိနှိုင်းပေါ့။ မပေးနိုင်ရင် အကုန်သိမ်းတယ်” လို့ ဆိုပါတယ်။
ယင်းထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးဖမ်းဆီးဖို့ လက်ရှိမှာ လှိုင်းဘွဲ-ဖားအံသွားကားလမ်းမနဲ့ မြဝတီကနေ ဖားအံမြို့ထဲ ဝင်နိုင်တဲ့ လမ်းမနေရာတွေကို ရဲ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် ပါဝင်တဲ့ ပူးပေါင်းများတိုးချကာ စစ်ဆေးဖမ်းဆီးမှုတွေ ပိုတိုးလုပ်ဆောင်လာပါတယ်။
အခုလို ဖမ်းဆီးမှုတွေကြောင့် ထိုင်းကုန်စည်ကို အဓိက မှီခိုနေရတဲ့ ကရင်ပြည်နယ်ဒေသခံတွေအနေနဲ့ ကုန်စည် ပြတ်တောက်မှုတွေကြောင့်ပဲ ကုန်စျေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို ခါးခါးသီးသီး ခံကြရတယ်လို့ ကားပေါ်ပါ အသက် (၆၀) ဝန်းကျင် အမျိုးသမီးကြီးက စကားဝိုင်းထဲမှာ ဝင်ရောက်ထောက်ခံ ပြောဆိုပါတယ်။
“အဲ့လိုတွေ လိုက်ဖမ်းနေတော့ ဘာအကျိုးရှိလို့လဲ။ သူတို့က တော်လှန်ရေးအဖွဲ့တွေဆီ မရောက် အောင်လို့ပဲ လိုက်ပြီး ဖြတ်တောက်နေတာ။ တကယ့်တကယ်ခံကြရတာ အန်တီတို့လို လက်လုပ်လက်စားတွေပဲ။ တစ်ရက်တစ်ရက်က ရှာလိုက်ရတာ ပိုက်ဆံ တစ်သောင်း၊ နှစ်သောင်း ရဖို့က တအား ကုန်းရုန်းလုပ်ရတာ။ စျေးသွားလိုက်ရင် အဲ့ပိုက်ဆံတွေက ဘာမှ တန်ဖိုးမရှိတော့ဘူး။ ခံရတော့လည်း ပြည်သူတွေပဲ ခံနေကြရတာ” လို့ ငြီးတွား ပြောဆိုပါတယ်။
အထူးသဖြင့် လှိုင်းဘွဲမြို့ အဝင်အထွက်၊ ဖားအံမြို့တွင်းအဝင် တောင်ကလေးအနီး စစ်ဆေးရေးဂိတ်၊ ပိုင်ကျုံ-နဘူးလမ်းကနေ မြဝတီလမ်းပေါက်တဲ့ ကျောက်တောင်ဂိတ် စတဲ့ နေရာတွေမှာ အစစ်အဆေး ပိုမိုတင်းကြပ်ထားတာကို မြင်တွေ့ရပါတယ်။
ကုန်စည်ဖမ်းဆီးမှုအခြေအနေ ပြောဆိုရင်း စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဖားအံမြို့ပေါ်က လူငယ်လေးတစ်ဦးရဲ့ မော်တော်ဆိုင်ကယ်ကို ယာဉ်ထိန်းရဲ့က ဖမ်းပြီး အသိမ်းခံရတာကြောင့် သေကြောင်းကြံရန် ကြိုးစားတဲ့ ဖြစ်စဉ်ကို ပြောဆိုရင်း လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုအခြေအနေတွေပါ စကားစပ်မိသွားကြ ပြန်ပါတယ်။
အဲဒီအချိန်မှာ မွတ်စလင်အမျိုးသမီးက သူမကြုံတွေ့ခဲ့ရတဲ့ သူမတို့ မိသားစု ပိုင်ကားကို မတရားသဖြင့် ဖမ်းဆီး သိမ်းဆည်းခံရတဲ့ ဖြစ်စဉ်ကို ဖွင့်ဟလာပါတော့တယ်။
“ငါတို့အိမ်က ကားဆိုရင် မတရားကို အသိမ်းခံလိုက်ရတာ။ မရှိမဲ့ ရှိမဲ့ လင်မယားနှစ်ယောက် ပိုက်ဆံစုပြီး ဝယ်ထားတာ။ ငါ့ယောက်ျားက ကားဆိုသန့်သန့်လေးကို ထားတာ။ အဲ့ဒါ လမ်းမှာပဲ သူတို့ (ရဲ) က အရပ်ဝတ်နဲ့ တားပြီးတော့ ကားပေါ်က အတင်း ဆင်းခိုင်းတယ်။ ယောက်ျားက ပြေပြေလည်လည် ပြောတာကိုလည်း လက်မခံဘူး။ သေနတ်နဲ့ပါ ထုတ်ပြီး ထောက်တာ။ အဲ့ဒါ ဒီအတိုင်း သိမ်းသွားတာ” ဆိုပြီး မကျေနပ်တဲ့ အသံဖြင့် အားရပါးရ ပြောဆိုနေတော့တယ်။
ထိုစကားကို ကြားကြားချင်းပဲ ကားစပါယ်ယာလုပ်သူက ဖားအံမြို့မှာ လူငယ်လေး သေကြောင်း ကြံတဲ့ကိစ္စကြောင့် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးတာ ခေတ္တအားဖြင့် ငြိမ်သွားသော်လည်း ဖမ်းဆီးမှုတွေကို ပုံမှန်အတိုင်း ပြန်လုပ်ဆောင်နေသလို ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တိုင်းက ဖမ်းဆီးသူတွေရဲ့ အကျင့်ပျက် လုပ်ဆောင်မှုများကိုပါ ဆိုလာပါတယ်။
“ သူတို့က ဖမ်းလိုက်ပြီးဆိုရင် ကားဆိုလည်း ကောင်းကောင်းလေးမှ ဖမ်းတာ။ သိန်း ၃ ရာ ၄ ရာတန်လောက်ဆို သူတို့ ဖမ်းပြီး သူတို့က ကားတန်ဖိုးကို ခန့်မှန်းပြီး သိန်း ၃၀ ကနေ သိန်းတစ်ရာအထိ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်ရင်တော့ အရှုံးပဲ။ အမှန်ဆို နေပြည်တော်က အဖမ်းပြ ခိုင်းတာပဲ။ သူတို့က ဖမ်းပြီး ဝင်ငွေတအားကောင်းနေတော့ အခုထိ ဖမ်းနေတာ။ အရသာ သိသွားတာကိုး။ ပြောရရင် စစ်သားတို့၊ ရဲတို့ထက် ယာဉ်ထိန်းရဲတွေက ပိုပြီး ဝင်ငွေကောင်းတယ်။ တစ်ရက်တစ်ရက်ကို သိန်းဆယ်နဲ့ ချီဝင်တာ” လို့ သူက ဆိုပါတယ်။
ဖားအံမြို့မှာ အခုနှစ် ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကို အကြီးအကျယ် စတင်လုပ် ဆောင်လာပါတယ်။ ဖမ်းဆီးရမိတဲ့ ယာဉ်တွေကို သိမ်းဆည်းရယူမှုများ ပြုလုပ်သလို၊ အချို့ကို ငွေကြေး အဆမတန် တောင်းပြီး ပြန်လည်လွှတ်ပေးတာမျိုးလည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေပဲ ဖြစ်ပါတယ်။
ပိုဆိုးတာကတော့ မြို့တွင်း ရပ်ကွက်လမ်းပေါ်မှာ ရပ်ထားတဲ့ ကားတွေပါ မချန် ဆွဲယူသွားတာမျိုးရှိပါတယ်။ တခါတရံ ကားတွေကို မဖမ်းတော့ကြောင်း သတင်းအမှားများ လွှင့်ပြီး ချောင်းမြောင်းဖမ်းဆီးတာမျိုးလည်း ပြုလုပ်တတ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ထိုသို့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုဖြစ်စဉ်တွေထဲက ကြားဖူးနားဝများကို ကားပေါ်ပါ အမျိုးသမီး ခရီးသည်တွေနဲ့ ကားစပါယ်ယာက အားရပါးရ ဖောက်သည်ချ ပြောဆိုနေကြရင်း စစ်မှုထမ်း ခေါင်းစဉ်ဘက်ကို လှည့်သွားပြန်တယ်။
စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်အများအပြား နီးစပ်ရာ ကရင်လက်နက်ကိုင်တွေမှာ ပိုမို ဝင်ရောက်သွားကြပြီး အထူးသဖြင့် နယ်ခြားစောင့်တပ် – BGF အနေနဲ့ အရင်ကထက် အင်အား ပိုများလာတယ်လို့ သူတို့က မှတ်ချက်ပြုကြပါတယ်။
အခြားဒေသတွေလို လူငယ်တွေကို ပေါ်တာဆွဲသွင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာမျိုး လှိုင်းဘွဲနဲ့ ဖားအံမှာ မရှိသလို BGF ခေါင်းဆောင် ဗိုလ်ချစ်သူကြောင့်ပဲ လှိုင်းဘွဲဘက်မှာ စစ်တပ်က လုပ်ချင်တိုင်း မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။
“ဒီပွဲဟာ ဟိုဘက် (တော်လှန်ရေး) ကလည်း မနိုင်၊ ဒီဘက် (စစ်တပ်) ဘက်ကလည်း နိုင်မှာ မဟုတ်ဘူး။ ဒီလိုပဲ ဒရွတ်တိုက် ဆက်သွားနေအုံးမှာပဲ။ ကြားထဲမှာ ပြည်သူတွေကပဲ ခံပေါ့။ အခု ဖြစ်နေတာက ဟိုဘိုး တော်ကြီးကြောင့်။ သူသမ္မတအတင်းလုပ်ချင်နေတာ။ သူ ဆင်းပေးလိုက်ရင် အကုန်ပြီးပြီ။ အခုက သူကလည်း လုပ်နိုင်သလောက် ဆက်လုပ်သွားအုံးမယ့် သဘော။ ဒီအတိုင်း ဆက်သွားရင်တော့ ပြည်သူတွေပဲ ငတ်ပြတ်ကုန်မယ်” လို့ ကားစပါယ်ယာသမားလေးက မှတ်ချက်ပြု ပြောလိုက်တယ်။
ဒီလိုဖြင့် တရွေ့ရွေ့ချင်း မောင်းနှင်လာတဲ့ ကားကလေးဟာ တစ်နာရီနီးပါးအကြာမှာ လှိုင်းဘွဲမြို့နယ်ကို ကျော်လာပြီး ဖားအံမြို့နယ်အဝင်ဆိုင်းဘုတ်အကျော်မှာ ချိုင့်ခွက်တွေနဲ့ ပြည့်နေတဲ့ စက်မှုဇုန် မရောက်ခင်နေရာမှာ မြို့ဝင်ကြေး၊ ဘီးခွန် ဆိုပြီး မြို့ဝင်ကြေးကောက်ခံတဲ့ လူငယ်တစ်စုကို တွေ့လိုက်ရတယ်။
ဖားအံ-လှိုင်းဘွဲမြို့ချင်းဆက်လမ်းပိုင်းမှာ ထီလုံလမ်းပိုင်းနှင့် ဖားအံကနေလာရင် တောင်ကလေးအကျော် စက်မှုဇုန် မတိုင်ခင်အထိ လမ်းပိုင်းများကသာ ကောင်းသလို ရှိနေတယ်။ ကျန်လမ်းပိုင်းများမှာ ချိုင့်ခွက် အပြည့်နဲ့ အဖာတစ်ရာ ဖာထေးထားတဲ့ လမ်းပိုင်းအပျက်အစီးတွေသာ တွေ့မြင်ရပါတယ်။
ဖားအံမြို့ထဲ ဝင်ခါနီးဖြစ်သလို ခရီးသွားလမ်းကြုံ လင်မယာနှစ်ဦး ထပ်တိုးလာတာကြောင့် ပြောဆို နေကြတဲ့ စကားတွေကို ဖြတ်လိုက်ကြပြီး အားလုံး ကိုယ်စီအတွေးတွေနဲ့ ဘေးပတ်ဝန်းကျင်ကို ငေးကြည့်နေကြရင်း ငြိမ်သက်သွားကြတယ်။
ကြိုတင်ဇာတ်တိုက်ထားမျိုး မရှိဘဲ တစ်ဦးနဲ့ တစ်ဦးပင် တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးကြဘူးသူတွေရဲ့ ခေါင်းစဉ်မပါတဲ့ ဖာတစ်ရာလမ်းမပေါ် စကားဝိုင်းကနေ ခံစားချက် ကိုယ်စီ ဖွင့်ဟ ပြောဆိုလာတဲ့ ပြည်သူတွေရဲ့ ရင်တွင်းဖြစ် စကားတွေဟာ တိုင်းပြည်ရဲ့ လက်ရှိပကတိအခြေအနေကို ထင်ဟလို့ နေပါတယ်။



















