Home သတင်း ဖယ်ခုံအနောက်ဘက်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံလာနေရ

ဖယ်ခုံအနောက်ဘက်ရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံလာနေရ

270
Photo: Social Media

အောက်တိုဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့် ကြုံလာနေရပြီး ထောက်ပံ့မှုအကူအညီလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီသူများ၏ ပြောဆိုချက်များအရ သိရသည်။

ဖယ်ခုံမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ အပြင် စစ်အုပ်စုမှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဖယ်ခုံအနောက်ဘက်နေရာတွေက အလှူရှင်ရောက်တာတွေ သိမ့်မရှိဘူး။ လမ်းပန်း ဆက်သွယ်ရေးအရဆို တော်တော်လေးခက်ခဲတယ်။ အဓိကကတော့ ဆန် ပြတ်လပ်မှုများလာတယ်။ အဲ့တာကြောင့် သူတို့အတွက်က အဓိကလိုအပ်ချက် ဖြစ်လာတယ်။ အခုရက်ပိုင်းက စစ်ဘေးရှောင် တွေကလည်း နေရာပေါင်းစုံကနေလာတယ်။ အဲ့တော့ ဒီအသစ် ရှောင်လာတဲ့ စစ်ဘေးရှောင်အတွက်ပဲ အဓိကလုပ်ပေးဖြစ်နေတော့ တဖက်ကို ပြန်ပြီး မကြည့်နိုင်တော့တဲ့ အခြေနေမျိုးပေါ့” ဟု ပြောဆိုသည်။

စစ်ရှောင်စခန်း ၅ ခုကျော်ရှိသည့် ဖယ်ခုံအနောက်ဘက်ခြမ်းတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုအများစု နေထိုင်ကြပြီး လက်ရှိအခြေအနေတွင်လည်း တောင်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်သောကြောင့် ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်ပြောသည်။

ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းတွင် ၂၀၂၅ ခုနှစ် ဇွန်လအစောပိုင်းမှ စပြီး စစ်အုပ်စုတပ်နှင့် PNO ပြည်သူ့ စစ်တို့မှ စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းကြောင့် ဒေသခံတစ်သောင်းကျော်သည် တိမ်းရှောင် လာ၍ ဖယ်ခုံအင်းအနောက်ဘက်ခြမ်းတွင် ယခုလို စစ်ဘေးရှောင်ဦးရေ များပြားလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကရင်နီ (ကယား) ပြည်နယ်တွင်လည်း နိုင်ငံတကာမှ စစ်ဘေးရှောင် ကူညီထောက်ပံ့မှုများ သိသိသာသာ လျော့နည်းလာသည့်အပြင် စစ်ဘေးရှောင် သုံးသိန်းအထိ ရှိလာပြီးဖြစ်ကြောင်း ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ပြောဆိုသည်။

“စစ်ဘေးရှောင်ဦးရေကတော့ သုံးလတစ်ကြိမ် update လုပ်ဖြစ်တယ်။ စစ်ဘေးရှောင် သုံးသိန်းဝန်း ကျင်အထိ ကပ်နေပြီး၊ စစ်ဘေးရှောင်တွေက ပိုပြီးများလာတယ်။ ရှိပြီးသား လူဦးရေထက် ထက်ဝက် ကျော်နေတဲ့ပုံစံမျိုးတော့ ဖြစ်တယ်။ နိုင်ငံတကာရဲ့ ပံ့ပိုးမှုကလည်းတော်တော်လေးကို လျော့နည်းသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နီပြည်နယ်တွင် နယ်မြေခံ ကရင်နီတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့် စစ်ကောင်စီ အကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် နယ်မြေခံ ပြည်သူလူထု သုံးသိန်းခန့် စစ်ဘေးရှောင်နေကြရပြီး စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြသည်ဟု စစ်ဘေးရှောင်ကူညီသူများက ပြောသည်။