Home သတင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်တပ်က ထိုးစစ်ဆင်လာမှုကြောင့် ‌တိုက်ပွဲပြင်းထန်နေဟု KNDF ထုတ်ပြန်

ကရင်နီနှင့် ရှမ်းတောင်တွင် စစ်တပ်က ထိုးစစ်ဆင်လာမှုကြောင့် ‌တိုက်ပွဲပြင်းထန်နေဟု KNDF ထုတ်ပြန်

290
Photo: KNDF

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား)ပြည်နယ် နှင့် ရှမ်း -ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က စစ်မျက်နှာ (၅) ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် တော်လှန်တပ်ဖွဲ့များနှင့် နေ့စဥ်နီးပါး တိုက်ပွဲများ ပြင်းထန်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF) က ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်နေ့)တွင် သတင်းထုတ်ပြန်သည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ခြမ်း ၊ ဒီးမော့ဆိုမြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ဘောလခဲ မြို့နယ် နှင့် ကရင်နီ – ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်များကို စစ်တပ်က စစ်မျက်နှာများ ဖွင့်လှစ်ပြီး စစ်ရေးလှုပ်ရှားကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယခုလ ၆ ရက်နေ့တွင် လွိုင်လင်လေးမြို့နယ် ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ် နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတို့ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်း KNDF က ပြောသည်။

အောက်တိုဘာ ၇ ရက်နေ့တွင်လည်း လွိုင်လင်လေးမြို့နယ် ၊ လင်ဖုံကြီးရွာအနီးကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနှင့် ထိုးစစ်ဆင်လာသည့်အတွက် တော်လှန်တပ်ဖွဲ့များနှင့်၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် လင်ဖုံကြီးကျေးရွာဘက်ကို အောက်တိုဘာ ၉ ရက်နေ့၌ စစ်အုပ်စုဘက်က အင်အား ၆၀ ကျော်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် နှစ်ပတ်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရများပြားခဲ့သလို လက်နက် လက်နက် ၄ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း လွိုင်ကော်မြို့ အပြင်ဘက်ရှိ လယ်ထွဲ ၊ ပဒါးညေးကျေးရွာများသို့ စစ်တပ်က လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း KNDF က ဆိုသည်။

၎င်းအပြင် စစ်တပ် နှင့်PNO ပူးပေါင်းတပ်တို့သည် ဖယ်ခုံမြို့နယ်အတွင်းရှိ မြောက်စလုံး ကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ၊ လက်နက်ကြီး နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ စစ်တပ်သည် ဖရူဆိုမြို့နယ် ဒေါညေးခူနှင့် ဒေါကူးခူကျေးရွာအကြားရှိ လူနေ အဆောက်အဦးများကို ဒရုန်းဗုံးကြဲချ မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဘောလခဲဘက်သို့ စစ်ကြောင်း ထိုးနိုင်ရေးအတွက် ဖရူဆို – ဘောလဲကြားရှိသည့် မာခရောရှေ့ ကျေးရွာအနီးတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း KNDF က ပြောသည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ် ၊ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင်ကျေးရွာများမှ တဆင့် ခေါက် ပလော့ကျေးရွာသို့ စစ်အုပ်စု၏ တပ်စွဲနိုင်ရေးအတွက် တိုက်ခိုက်ထိုးဖောက် မဝင်ရောက်လာနိုင်ရန် တော်လှန်ရေးတပ်များက ခုခံကာကွယ်နေပြီး နေ့စဉ်နီးပါး နှစ်ဖက်ထိတိုက်တိုက်ပွဲများ ဖြစ်နေသည်စု ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လမှ စတင်၍ ကရင်နီပြည်နှင် ရှမ်းတောင်ဒေသရှိ နယ်မြေများ ထိန်းချုပ်နိုင်ရေး အတွက် အင်အားအလုံးအရင်းဖြင့် စစ်မျက်နှာဖွင့်ကာ အပြင်းအထန် တိုက်ခိုက်နေသော စစ်အုပ်စု ကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီး ဒေသခံများ စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် KNDF ကတိုက်တွန်းထားသည်။