Home သတင်း ဘန်ကောက် ဝီချာရတ်ဆေးရုံအနီး မြေပြို၍ လူနာ သုံးထောင်ကျော်ကို ဘေးကင်းရာသို့ ရွှေ့

ဘန်ကောက် ဝီချာရတ်ဆေးရုံအနီး မြေပြို၍ လူနာ သုံးထောင်ကျော်ကို ဘေးကင်းရာသို့ ရွှေ့

493

စက်တင်ဘာ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့တွင်း တစ်နေရာတွင် ယ‌နေ့နံနက်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားပြီးနောက် အနီးရှိ ဝီချာရတ် ဆေးရုံမှ အတွင်းလူနာ ၃၀၀၀ ဦးကျော်ကို ဘေးကင်းရာ အဆောက်အဦးသို့ ရွှေ့ပြောင်းထားသည်ဟု ဘန်ကောက်ပိုစ့် သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ဝီချရာဆေးရုံ၏ ပြင်ပလူနာဌာနကို ပိတ်ထားလိုက်သလို မြေပြိုမှုကြောင့် ထိခိုက်သူ မရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ထို့အပြင် အနက် မီတာ ၅၀၊ အကျယ်၊ အရှည် မီတာ ၃၀ ခန့်ရှိသော မြေပြိုမှု ဖြစ်စဥ်သည် ယနေ့နံနက် ထိုင်းစံတော်ချိန် ၇ နာရီ ၁၃ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မနီး တလျှောက်ကို အများပြည်သူ သွားလာခွင့် ပိတ်ထားလိုက်ပြီး ဖြစ်သည်။

ထို့အပြင် မြေပြိုမှုဖြစ်ပွားသော နေရာအနီး နေထိုင်သူများကိုလည်း ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့ ဘန်ကောက် အာဏာပိုင်များက တိုက်တွန်းထားပြီး ဆမ်ဆဲန်လမ်းမကြီးတလျှောက်ပြေးဆွဲသော MRT BTS ရထားလိုင်း ဝန်ဆောင်မှုများကိုလည်း ရပ်နားလိုက်သည်။

အာဏာပိုင်များအနေဖြင့် မြေပြိုမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို အတည်မပြုနိုင်သေးသလို စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်နေသည်ဟု ဘန်ကောက်ပိုစ့် သတင်းတွင် ဖော်ပြထားသည်။