Home သတင်း ဖာပွန် ဗျူဟာကုန်းသို့ အင်အားဖြည့်မည့် စစ်ကြောင်း တိုက်ပွဲဖြစ်ပြီး တပ်ပြန်ဆုတ်

ဖာပွန် ဗျူဟာကုန်းသို့ အင်အားဖြည့်မည့် စစ်ကြောင်း တိုက်ပွဲဖြစ်ပြီး တပ်ပြန်ဆုတ်

776
Photo: CJ

စက်တင်ဘာ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၅)၊ မူတြော်(ဖာပွန်) ခရိုင်၊ ဖာပွန်ဗျူဟာကုန်းသို့ အင်အား ဖြည့်မည့် အာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ ဝါးဒူးရွာ အနီး တိုက်ပွဲ ဖြစ်ပွားပြီး တပ်ပြန်ဆုတ်သွားသည်ဟု တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ကမမောင်းမြို့အထက်ဘက် ဝါးဒူးကျေးရွာတဝိုက်တွင် အခြေချပြီး ကတိုင်တိမှဗျူဟာကုန်းဘက်အထိ မြေပြင်အင်အားဖြည့်နိုင်ရန် စစ်ကောင်စီကကြိုးပမ်းနေသော်လည်း စက်တင်ဘာလ တတိယအပတ်အတွင်း KNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မဟာ(၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

“သူတို့စစ်ကြောင်းက ဝါးဒူးကနေ ကတိုင်တိအထိတက်လာပြီး ဗျူဟာကုန်းကိုတဆင့်ပြီးတဆင့် သွားဖို့ရည်ရွယ်တာ။ ဝါးဒူးအကျော်မှာတိုက်ပွဲဖြစ်တာနဲ့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ ပြန်လာလှုပ်ရှားနိုင်တယ်။ ရှေ့ဆက်မှာလည်း စစ်ရေးလှုပ်ရှားတာ ပိုများလာနိုင်တယ်” ဟု စောကလယ်ဒို့က ပြောသည်။

KNLA နှင့် စစ်တပ်တို့ စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။

စစ်တပ် စစ်ကြောင်းကို ကရင်နယ်ခြားစောင့်တပ်-BGF မှ အကူအညီပေးမှုအပြင် ၎င်းတို့တပ်ဖွဲ့ဝင်များကိုယ်တိုင် လိုက်ပါဆောင်ရွက်မှုရှိနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောဆိုသည်။ သို့သော် ကေအိုင်စီအနေဖြင့် ဒေသတွင်း BGF တပ်ဖွဲ့ တာဝန်ရှိသူများ ထံ ဆက်သွယ်မေးမြန်းလျက်ရှိပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရ ဖြစ်ခဲ့သည်။

စစ်ကောင်စီအခြေကျတပ်စွဲနေသည့် ဝါးဒူးရွာနှင့် နှစ်မိုင်ပတ်လည်တွင် BGF ၏ ၁၀၁၄ တပ်ရင်းတည်ရှိကာ လှုပ်ရှားနေသည်ဟု သိရသည်။ ထို့အပြင် KNLA ပူးပေါင်းတပ်တို့ သိမ်းထားသည့် ကတိုင်တိစခန်းမရခင် ပြီးခဲ့ သည့် မတ်လအလယ်ပိုင်းတွင် ကတိုင်တိသို့တက်ရန် ကြိုးပမ်းသည့် စစ်ကောင်စီကို KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးသည်။

ထို့ကြောင့် BGF တပ်ဖွဲ့ဝင်မရှိသည့် ၁၀၁၄ အနီးပတ်လည်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်မတက်နိုင်ဘဲ ပိတ်မိနေခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ်က ဆိုသည်။

ကတိုင်တိစခန်းကိုမူ စစ်ကောင်စီက လေကြောင်း၊ မြေပြင်မှအင်အားဖြည့် တိုက်ခိုက်မှုကြောင့် ပြန်လည်တပ်စွဲသွားနိုင်ပြီးဖြစ်ကြောင်း ဇွန်လ ၁၁ ရက်နေ့က ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

ကတိုင်တိအပြင် ဖာပွန်ခရိုင်အတွင်း ဆုံးရှုံးထားသည့် တပ်စခန်းများကို ပြန်လည်ရယူနိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေသလို အင်အားအတောင့်ဆုံးစခန်းတစ်ခုဖြစ်သည့် ဖာပွန်ဗျူဟာမကျရေး စစ်ဘက်ဆိုင်ရာသုံး ထောက်ပို့ပစ္စည်းများကိုလည်း လေကြောင်းအကူအညီဖြင့် ပို့ဆောင်ပေးနေကြောင်း KNLA သတင်းအရင်းအမြစ်ထံမှ သိရသည်။