Home သတင်း နာမည်ပြောင်းသော်လည်း စစ်အုပ်စုကို အကြမ်းဖက်ဥပဒေနှင့် အညီအရေးယူမည်ဟု NUG ပြော

နာမည်ပြောင်းသော်လည်း စစ်အုပ်စုကို အကြမ်းဖက်ဥပဒေနှင့် အညီအရေးယူမည်ဟု NUG ပြော

597
Photo: Myanmar National Post

စက်တင်ဘာ ၁၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်း စစ်တပ်က စစ်ကောင်စီမှ စစ်ကော်မရှင်ဟု နာမည်ပြောင်းလိုက်သော်လည်း အကြမ်းဖက် အဖွဲ့ဟု ကြေညာထားသည့်အတိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အမျိုးသားညီညွှတ် ရေး အစိုးရ (NUG)၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ ပြည်သူများ၏ ရန်သူအဖြစ်သော်လည်းကောင်း သတ်မှတ် ထားသည်ဟု NUG၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)နှင့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ စက်တင်ဘာ ၁၈ ရက်နေ့ ပူးတွဲ ထုတ်ပြန်ချက်အပေါ် ၎င်းက ယခုလို ပြောသည်။

“အရင်တုန်းက စစ်ကောင်စီကို ရန်သူအဖြစ်ရော အကြမ်းဖက်အဖြစ်ရော CRPH က ကြေငြာခဲ့တာရှိသလို NUG ဘက်ကနေလည်း ကြေငြာခဲ့တာ ရှိတယ်။ အခုလက်ရှိသူတို့က စစ်ကော်မရှင်လို့ အသွင်ပြောင်းတယ်ပေါ့ ဒါဟာ ဒီလူတွေ ဘဲ အသွင်ပြောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့် ဒီစစ်ကော်မရှင်ဟာလည်း ပြည်သူလူထုရဲ့ရန်သူ ဖြစ်တယ် ဆိုတာကိုအဓိကထားပြီး ကြေငြာတဲ့သဘောဖြစ်တယ်”ဟု ဦးနေဘုန်းလတ်က ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများအား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းသည်လည်း တရားမဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန်ချက်အတွင်းပြောဆိုထားသည်။

ယခုလို စစ်အုပ်စုကို အကြမ်းဖက် အဖွဲ့ အဖြစ်ကြေညာထားပြီးဖြစ်၍ စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်မှုသည် ပျက်ပြယ်ပြီး ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်အုပ်စု နှင့် လက်အောက်ခံအဖွဲ့အစည်းများ လုပ်ဆောင်ချက်သည် တရားဝင်မှုမရှိကြောင်း၊ ၎င်းတို့ကို NUG က အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိ စစ်အုပ်စုဘက်ကလည်း NUG၊ CRPH အပါအဝင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကို အကြမ်းဖက်အဖွဲ့ဟု ထုတ်ပြန်ထားသေးသည်။