စက်တင်ဘာ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ် အနန်းကွင်းဗျူဟာသို့ ဦးတည်လာသည့် အာဏာသိမ်း စစ်တပ် စစ်ကြောင်းသည် ယနေ့ စက်တင်ဘာ ၂၂ ရက် နေ့တွင် လွှတ်ရှမ်းကျေးရွာသို့ ကျော်လာပြီး ဖြစ်သည်ဟု မြေပြင်သတင်အရင်းအမြစ်က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့် ပါရှိပြီး ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် လွှတ်ရှမ်းရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီးနောက် ယနေ့ နံနက်တွင် တညင်ရွာဘက်သို့ စစ်ကြောင်း ဆက်ထွက်သွား သည်ဟု ဒေသ စစ်ရေးအခြေအနေ သိထားသူ မြေပြင်သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ ဒီစစ်ကြောင်းက ဟိုတစ်ရက်က လွှတ်ရှမ်းသင်္ချိုင်းမှာရှိတယ်။ မနေ့ကတော့ ဘုန်းကြီးကျောင်းဘက် ရောက်လာ တယ်။ ဘုန်းကြီးကျောင်းမှာ အလှူတွေရှိတယ်။ လမ်းမကြီးအတိုင်း ဆက်သွားတယ်၊ တညင်ဘက် အကုန်သွား လား ကင်းပုန်းတွေချထားလား မသိဘူး။ တညင်ပြီး အနန်းကွင်းဘက် ဦးတည်ဖို့ရှိတယ်။ တောင်စွန်းဘက်သွား မလားမသိဘူး။ အခုစစ်ကြောင်းက ဘယ်ဘက်အရင်ဦးတည်လဲတော့ မသိရသေးဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လွှတ်ရှမ်းရွာသို့ တက်လာသည့် စစ်အုပ်စု စစ်ကြောင်းသည် ရဲတံခွန်၊ ဇီးနှစ်ပင်မှတစ်ဆင့် ထွက်ခွာလာခြင်း ဖြစ် ကာ ထိုဒေသကို ထိန်းချုပ်နိုင်ရန် ယခင်လများကတည်းက တစ်ဖြည်းဖြည်း တက်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။

လက်ရှိ စစ်တပ်က ကေအဲန်ယူ၊ တပ်မဟာ (၆) နယ်မြေတွင်း ပြန်စိုးမိုးနိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာနေသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အာဏာသိမ်းစစ်အုပ်စု ဆုံးရှုံးထားသည့် မြဝတီတောင်ပိုင်းဒေသရှိ လေးကေကော်မြို့သစ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အင်အား ရာနှင့်ချီ အသုံးပြုသလို ကိုးတိုင်-ကြာအင်းဆိပ်ကြီး လမ်းကြောင်းကိုလည်း ထိန်းချုပ်နိုင်ရန် စစ်အုပ်စုဘက်မှ ကြိုးပမ်းနေသည် သိရသည်။
ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲရှိ ကျိုက်ဒုံမြို့အပါအဝင် နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကိုလည်း စစ်အုပ်စုဘက်မှ ဆက်လက် စစ်ကြောင်းထိုးလာနိုင်သည့်အတွက် လက်ရှိအချိန်တွင်ထိုဒေသတွင် ရှိနေသည့် ပြည်သူများ စစ်ရေး သတင်းများကို နားစွင့်နေထိုင်နေရသည်ဟု ဒေသခံများက ပြောသည်။
သို့သော် တပ်မဟာ-၆ နယ်မြေအတွင်း ကြားအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ကျုံဒိုး စသည့်နေရာများတွင် စစ်အုပ်စုက မြို့ပေါ် အနီးသား ကြီးစိုးနိုင်ပြီး ကျန်ကျေးရွာအများစုကို ကေအဲန်ယူက ထိန်းချုပ်ကာ စီမံအုပ်ချုပ် နေကြောင်း ဒေသခံများထံမှ သိရသည်။



















