Home သတင်း ဖက်ဒရယ်တည်ဆောက်ရေးကို နိုင်ငံတကာက ထောက်ခံအသိအမှတ်ပြုရန် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ တိုက်တွန်း

ဖက်ဒရယ်တည်ဆောက်ရေးကို နိုင်ငံတကာက ထောက်ခံအသိအမှတ်ပြုရန် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ တိုက်တွန်း

569
Photo crd- Internet

စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအား‌ကောင်းရေး ချဥ်းကပ်မှုဖြင့် မြန်မာနိုင်ငံ၏ဖက်ရယ် တည်ဆောက်ရေးလုပ်ငန်းစဥ်များကို ထောက်ခံအသိအမှတ်ပြုရန် နိုင်ငံတကာသို့ တိုင်းရင်းသား လူမျိုးများ‌ ကောင်စီ-MEC က ယမန်နေ့ (စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် တိုက်တွန်းလိုက်သည်။

ကရင်နီ၊ ချင်း၊ မွန်၊ ပအိုဝ်း စသည့်ပြည်နယ် နိုင်ငံရေးဦးဆောင်အဖွဲ့နှင့် အင်အားစုများလည်း ပူးတွဲပါဝင်သည့် ထိုထုတ်ပြန်ချက်တွင် Bottom up Federalism ချည်းကပ်မူမှ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအင်အားစုများ၏ ညှိနှိုင်းမှုဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်အား လက်တွေ့ကျင့်သုံးနေကြောင်း ဆိုထားသည်။

MEC နှင့် ဖက်ဒရယ်ယူနစ်များမှ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ အစိုးရပေါ်ပေါက်လာရန် အခြေခံ ဥပဒေရေးဆွဲရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် နိုင်ငံတကာအနေဖြင့် အဆိုပါလုပ်ငန်းစဥ်များကို တရားဝင်အသိအမှတ်ပြုထောက်ခံရန်ဟု MEC က တိုက်တွန်းသည်။

၎င်းအပြင် အာဏာရှင်သက်ဆိုးရှည်စေပြီး ဖက်ဒရယ်မရနိုင်သည့် စစ်ကောင်စီ၏အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံတကာမှအသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန်လည်း ထုတ်ပြန်ချက်က ဖော်ပြတိုက်တွန်းသည်။

စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရမည်ဖြစ်ပြီး ဖက်ဒရယ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရမည်ဟု ပြည်နယ်၊ လူမျိုး ကိုယ်စားပြု သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက သဘောထားထုတ်ပြန်ကြသည်။

ဖက်ဒရယ်အစိုးရသစ်‌ပေါ်ထွန်းဖို့ကို ရည်ရွယ်သည့် ထိုဖွဲ့စည်းပုံအသစ်ရေးဆွဲရေးအတွက် ပြည်နယ်နှင့် ပြည်သူလက်ဝယ် အာဏာရှိသော Bottom up Federalism ချဥ်းကပ်မှုဖြင့် သွားမည်ဖြစ်ကြောင်းလည်း ၂၀၂၄ ခုနှစ်မှစ၍ အတိုက်အခံအဖွဲ့များက တရားဝင်ထုတ်ဖော်ပြောဆိုမှုရှိလာသည်။

ဗဟိုအစိုးရလက်ဝယ် အာဏာချုပ်ကိုင်မှုနည်းပြီး တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့် အဆိုပါ Bottom up Federalism မူအတိုင်း ဖက်ဒရယ်တည်ဆောက်သွားမည်ဖြစ်ကြောင်း အင်အားကြီးလက်နက်ကိုင်အဖွဲ့ ကေအဲန်ယူအပါအဝင် ကရင်နီအဖွဲ့၊ ပအိုဝ်းအဖွဲ့၊ ချင်းအဖွဲ့၊ မွန်အဖွဲ့တို့ကလည်း လက်ခံသဘောတူထားသည်။