ဩဂုတ် ၆ ၊ ၂၀၂၅ ၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ရှိအဖွဲ့နှင့် နီးစပ်သူ များမှလွဲ၍ သာမန်မြို့ခံများနှင့် ကျေးရွာသားများ အသုံးပြုသော လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးပြီး ငွေတောင်းခံကာ ပြန်လွှတ်ပေးသောဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွား နေကြောင်း ဒေသခံများက ပြောသည်။
ကရင်ပြည်နယ်တွင် ခေတ်အဆက်ဆက် လူထုအကြား အခွန်နှုန်းမြင့် လိုင်စင်ကြေး ကြောင့် လူထုအများစု ကားလိုင်စင်မပြုလုပ်ထားသည့် ကားများကို သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလာရေးနှင့် အထွေထွေကိစ္စရပ်များတွင် အဓိကအားထား အသုံးပြုနေရသည်။ သို့သော် ဇွန်လဆန်းပိုင်းမှစ၍ အာဏာသိမ်း စစ်အုပ်စုက ယာဉ်လိုင်စင်မရှိသည့် ယာဉ် များကို ဖမ်းဆီးမှု စတင်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ယခုဖမ်းဆီးမှုအတွင်း စစ်အုပ်စုနှင့် ဆက်နွယ်သူများနှင့် တချို့ မြို့ခံများသည် လိုင်စင်မဲ့ ယာဉ်များကို ပေါ်တင်စီးနင်းခွင့်ရနေကြပြီး သာမန်မြို့ခံများနှင့် ကျေးရွာသားများကိုသာ ဖမ်းဆီး၍ ငွေတောင်းကောက်ခံမှုများ ပြုလုပ်နေကြသည်ဟု ဖားအံမြို့ခံများက ပြောသည်။
“လိုင်စင်မဲ့ကားတွေကို စတင်ဖမ်းတဲ့အချိန်မှာတော့ ဆရာတော်၊ စစ်တပ်နဲ့ ဝန်ထမ်း သုံးတဲ့ကားတွေ မဖမ်းပါဘူး။ ပြည်သူတွေက ကားတွေကိုပဲ ဖမ်းတယ်။ လူမှုကူညီရေးနဲ့ ပတ်သက်တဲ့ကားတောင် ဖမ်းတယ်။ တချို့က ပေါ်တင်စီးနင်းလို့ ရနေတယ်။ ပြောချင်တာက ဘာမှစံသတ်ချက်မှ မရှိဘဲ ဖြစ်နေတယ်။ ဖမ်းချင်သလို ဖမ်း၊ လွှတ်ချင် သလို လွှတ်နေတာပါ” ဟု အမည်မဖော်လိုသူ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် စစ်အုပ်စုနှင့် နီးစပ်သူများ၏ ယာဉ်များကို မဖမ်းဆီးတော့ဘဲ၊ သာမန်အရပ် သားပြည်သူများ အသုံးပြုသော ယာဉ်များကိုသာ ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေကြောင်းလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ရေကြီးချိန်အတွင်း မဖမ်းတော့တဲ့သတင်းလည်း ထွက်လာပါတယ်။ ဒါပေမဲ့ လက်တွေ့ မှာတော့ ဖမ်းချင်တဲ့ကားတွေကိုတော့ ဆက်ဖမ်းနေတုန်းပါပဲ။ မနေ့မနက် ကျမအရှေ့မှာပဲ ကားတစ်စီးဖမ်းတာတွေ့တယ်။ ထုတ်ပြန်ချက်မရှိတော့ ကြည့်သွား ကြည့်လာနေတာပါ” ဟု ၎င်းမြို့ခံက ပြောသည်။
ကရင်ပြည်နယ်တွင် လွန်ခဲ့သည့် နှစ် ၃၀ ကျော်ကတည်းက လိုင်စင်မရှိသော ယာဉ်များကို အိမ်နီးချင်း ထိုင်းနိုင်ငံမှ တင်သွင်းစီးနင်းမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုသည် လက်ရှိဒေသအခြေအနေနှင့် မကိုက်ညီသည့် ကားလိုင်စင် ကြေးမြင့်မား သောအခွန်နှုန်းဖြင့် ကောက်ခံနေခြင်းကြောင့် လူထုအများစုအတွက် လိုင်စင်ထုတ်ယူရန် အခက်အခဲရှိနေသည့်အတွက် ပြည်နယ်နှင့်ကိုက်ညီသောလိုင်စင် ပြုလုပ်ခွင့်ပေးရန် လိုအပ်ကြောင်းကိုလည်း အကြံပြုပြောဆိုမှုများလည်းရှိသည်။
ယခင်ကလည်း ပြည်နယ်လွှတ်တော်အမတ်များက လိုင်စင်မဲ့ယာဉ်များအတွက် ဒေသအခြေအနေနှင့် ကိုက်ညီသည့် လိုင်စင်ပေးသည့်စနစ်ကို ဖော်ဆောင်ရန် လွှတ် တော်၌ တင်ပြဖူးသော်လည်း၊ ဗဟိုချုပ်ကိုင်မှုပုံစံအုပ်ချုပ်သည့် အစိုးရအဆက်ဆက်က သင့်တော်သလို လုပ်ဆောင်ပေးခြင်းမရှိဟု မြို့ခံအလွှာစုံအသိုင်းအဝိုင်းက မှတ်ချက်ပြုပြောသည်။



















