သြဂုတ် ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် သက်တမ်းကုန်ဆုံးမည့် ဝေါ့ပါမစ် (Work Permit) သက်တမ်းကုန်ဆုံးမည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်ကို ယနေ့ (သြဂုတ် ၇ ရက်) မှစ၍ အွန်လိုင်းမှတဆင့် တရားဝင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားရေး ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုလုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးသွားသည့် ရွှေ့ပြောင်းလုပ်သားများအတွက်သာ သက်ဆိုင်ကြောင်း သိရသည်။ အွန်လိုင်းလျှောက်ထားမှုကို သြဂုတ် ၇ ရက်၊ နေ့လည် ၁ နာရီခွဲမှ စတင်လျှောက်ထားနိုင်ပြီး လျှောက်ထားနိုင်သည့် ကာလမှာ ဒီဇင်ဘာ ၁၃ ရက်နေ့အထိဖြစ်သည်။
ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက လျှောက်ထားသူများအနေဖြင့် သတ်မှတ်ချိန်အတွင်း လုပ်ဆောင်မှုမရှိပါက အထောက်အထားမဲ့အလုပ်သမားအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း သတိပေးထားသည်။
၎င်းအပြင် သက်တမ်းတိုးမှုအတွက် လိုအပ်သော အချက်အလက်များ၊ စာရွက်စာတမ်းများကို သေချာ ပြင်ဆင်ထားရန် လိုအပ်ပြီး လုပ်ငန်းစဉ်အတွင်း ကျန်းမာရေးစစ်ဆေးခြင်း၊ အသစ်ထုတ်မည့် ဝေါ့ပါမစ်အတွက် ကုန်ကျစရိတ်များ၊ အလုပ်သမားအာမခံငွေ တင်သွင်းမှုများ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ သတ်မှတ်ထားသည့် အချက်အလက်များကို ဒီဇင်ဘာ ၁၃ ရက်နေ့အထိ တင်သွင်းရန် လိုအပ်ပြီး တင်သွင်းသောအချက်အလက်များ မှန်ကန်ပါက ဝေါ့ပါမစ်အသစ်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခြားလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ဗီဇာသက်တမ်းတိုးမှုဆိုင်ရာ လုပ်ငန်းများကိုလည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အပြီးသတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။



















