ဩဂုတ် ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်မှ သြဂုတ်လ (၂၈) ရက်နေ့ အထိ နှစ်လအတွင်း နိုင်ငံတစ်ဝှမ်းလုံး၌ အသက် ၁၈ အောက်ကလေးငယ် ၄၇ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က ပြုစုထုတ်ပြန်သည့် စာရင်း၌ ဖော်ပြထားသည်။
အဆိုပါ သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် မိန်းကလေး (၂၁) ဦးနှင့် ယောကျာ်းလေး (၂၆) ဦး ဖြစ်ပြီး သေဆုံးသူအားလုံး၏ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP က ဆိုသည်။
စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူများထဲတွင် မန္တလေးတိုင်းတွင် (၁၁) ဦးဖြင့် အများဆုံးဖြစ်ပြီး မကွေးတိုင်းတွင် ၇ ဦးဖြင့် ဒုတိယအများဆုံး ဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် သေဆုံးခဲ့သည့် အသက် ၁၈ နှစ်အောက် ကလေးငယ်များအနက် ၃၄ ဦးသည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး ၁၂ ဦးသည် စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်ဟု AAPP က ဆိုသည်
၎င်းအပြင် သြဂုတ်လ ၂၄ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာသို့ အာဏာသိမ်း စစ်တပ်မှ ဖျက်အားပြင်းဗုံးဖြင့် လေကြောင်းမှ ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ကလေးငယ် နှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြောင်းလည်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အလားတူ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့တွင် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူ ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးသွားသည်ကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အရပ်သားပြည်သူ စုစုပေါင်း ၇၁၅၇ ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPP ပြုစုထားသောစာရင်းတွင် ဖော်ပြထားသည်။



















