Home တွေ့ဆုံမေးမြန်းခန်း “Road to Karen Wikipedia” နှင့် ပတ်သက်ပြီး ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင်နှင့် မေးမြန်းချက်

“Road to Karen Wikipedia” နှင့် ပတ်သက်ပြီး ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင်နှင့် မေးမြန်းချက်

422

“ကမ္ဘာပေါ်မှာ အကြီးဆုံး ဘာသာစကားပေါင်းများစွာ ရှိတဲ့ Wikipedia ဆိုတဲ့ အွန်လိုင်း စွယ်စုံကျမ်းတွေကြားမှာ ကျနော်တို့ ကရင်ဘာသာစကားတစ်ခုက တရားဝင်ရှိနေပြီဆိုရင် ဒီဘာသာစကားရဲ့ တိုးတက်မှု၊ အကြောင်းအရာတွေ၊ တည်တံ့မှုတွေကို ဘယ်သူမှ လာဖျက်လို့ မရဘူး။”

————
“Road to Karen Wikipedia” နှင့် ပတ်သက်ပြီး ကရင်အဘိဓာန်အဖွဲ့မှ စောအောင်မြင်နှင့် မေးမြန်းချက်

မေး။ အရင်ဆုံး “Road to Karen Wikipedia” ရဲ့ အစီအစဉ် ကျင်းပရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
ဖြေ။ ဒါကို လုပ်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ဒီကရင်စာရဲ့ ဖတ်ရှုဖို့ နေရာမရှိနေခြင်းပါ။ များများစားစား ဖတ်ရှုနိုင်တဲ့ Library လိုမျိုး စွယ်စုံကျမ်းတွေ မရှိနေတဲ့အတွက် လုပ်ရတာပါ။ ဒီမှာကသာ နောက်ကျနေတာပါ။ တခြားတိုင်းရင်းသားတွေဖြစ်တဲ့ မွန်၊ ရှမ်း၊ ရခိုင်၊ ပအိုဝ်တို့က ရနေပြီ၊ ကရင်မှာတော့ မရသေးပါဘူး။ ဒါကြောင့် ဒီအစီအစဉ်ကို လုပ်ရခြင်း ဖြစ်ပါတယ်။

မေး။ ဒါကို ဘယ်လိုတွန်းအားကြောင့် လုပ်ဆောင်ဖို့ ဖြစ်လာတာလဲ။
ဖြေ။ ကျနော်တို့ အဓိက အာရုံစိုက်တာက AI ကို ထရိန်းဖို့ အတွက် Open Data တွေ များများစားစား မရှိတာပါ။ Wikipedia လို Open Data တွေ ရှိမှ AI ဖန်တီးတည်ဆောက်တဲ့အခါ Data တွေ၊ ဘာသာစကားစကားလုံးဝေါဟာရ ကြွယ်ဝမှုတွေ အများကြီး ရနိုင်မယ်။ လောလောဆယ် Open Data မရှိတဲ့အတွက် ဒီဟာကို လုပ်ဆောင်ရတာပါ။ ကျနော်တို့ရဲ့ စကောကရင်၊ အရှေ့ပိုး၊ အနောက်ပိုး သုံးခုစလုံးက တခြားတိုင်းရင်းသားတွေထက် နောက်ကျနေပြီးပါပြီ။ တိုင်းရင်းသားလူမျိုးကြီး တစ်ခုလုံးဖြစ်နေပြီဆိုပေမဲ့ ဒီအရာတွေ မလုပ်နိုင်ရင် မဟုတ်သေးပါဘူး။ ဒါကြောင့် အဓိက လုပ်ဆောင်ရတာပါ။

မေး။ ယခုအစီအစဉ်က ကရင်ဘာသာစကားတွေအတွက် ဘယ်လို အရေးကြီးပါသလဲ။
ဖြေ။ ဒါက အရမ်းအရေးကြီးတဲ့အစီအစဉ်တစ်ခုပါ။ နိုင်ငံတကာရှိ စနစ်တွေထဲမှာ သူတို့ ဘာသာစကား Setting Software တွေမှာ ကျနော်တို့ရဲ့ ကရင်ဘာသာပါရှိဖို့ Wikipedia က မဖြစ်မနေ လိုအပ်တယ်။ နောက်တစ်ခုက ကျနော်တို့ စကားလုံးများများဖတ်ရှုဖို့ စာတွေ မရှိရင် AI ဖန်တီးဖို့လည်း အရေးကြီးတယ်။ ဒီလို အချက်တွေ မရှိရင် ဖန်တီးတည်ဆောက်လို့ မရဘူး၊ ဘာမှ မလုပ်လို့ မရပါဘူး။

မေး။ Wikipedia ပေါ်မှာ ကရင်ဘာသာအကြောင်းအရာ တင်ပြဖို့ လုပ်ဆောင်ခြင်းက ဘာသာစကားထိန်းသိမ်းရေးအတွက် နဲ့ အခြား ဘယ်လိုအကျိုးရှိနိုင်မလဲ။
ဖြေ။ ကျနော်တို့ အရင်တစ်ခေါက် Facebook လိုမျိုး Wikipedia မှာ တောင်းဆိုလို့ မရဘူး၊ ကိုယ်တိုင် ဆောင်ရွက်ဖို့လိုတယ်။ လိုအပ်တာက ဆောင်းပါးရေးသူတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေပါ။ ကျနော်တို့ စာရေးတောင်းဆိုနိုင်တဲ့ အနေအထား မဟုတ်တော့ ဒီပွဲက အစီအစဉ်လုပ်ဖို့ဖြစ်တယ်။ ဒီအစီအစဉ်ကနေ ကရင်လို Wikipedia တစ်ခုရအောင် ဘယ်လိုလုပ်ရမလဲ၊ ပူးပေါင်းဆောင်ရွက်နည်းတွေကိုလည်း ဖော်ပြမယ်။ အကျိုးကျေးဇူးကတော့ ကရင်လူမျိုးအတွက် ဖတ်စရာစာတွေ တိုးတက်လာပြီး Wikipedia မှာ သုတရသစာပေတွေပါ ဖတ်လို့ရမယ်။ နည်းပညာသမားတွေက Open Data သုံးပြီး AI ဖန်တီးနိုင်မယ်။ အဓိကက Wikipedia ဟာ ကျနော်တို့ တောင်းဆိုတာ မဟုတ်ပဲ သူ့ဆီကနေ ပေးထားတဲ့ နေရာမှာ ဝိုင်းဝန်းပူးပေါင်း တည်ဆောက်ကြတဲ့အစီအစဉ်ပါ။

မေး။ Wikipedia ပေါ်မှာ ကရင်ဘာသာအကြောင်းအရာ တင်သွင်းတဲ့အခါ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ။
ဖြေ။ Wikipedia မှာ နည်းပညာထက် ဘာသာစကားကျွမ်းကျင်သူတွေ လိုအပ်တယ်။ ဘာသာစကားကျွမ်းကျင်သူက အကြောင်းအရာရေးပြီး ဖော်ပြရမယ်။ Wikipedia သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်မှာ ပါဝင်ဖို့ ဆောင်းပါး ၁,၀၀၀ ပေါ်အထက်ရှိဖို့ လိုတယ်။ ဆောင်းပါး ၁,၀၀၀ မရှိရင် မရပါဘူး။ နည်းပညာ အခက်အခဲထက် ဘာသာပြန်၊ ဆောင်းပါးရေးသူ များစွာ လိုအပ်တာ ပိုခက်ခဲတယ်။ ကျနော်တို့မှာ ဘာသာစကားကျွမ်းကျင်သူ နည်းပညာကျွမ်းကျင်သူ မပြည့်စုံတာကြောင့် အခက်အခဲကြုံနေရတယ်။

မေး။ ဒီအစီအစဉ်မှာ တိုင်းရင်းသားတွေ ဝိုင်းဝန်းပါဝင်ပေးဖို့ ဘယ်လို တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ကျနော်တို့ဆီမှာ တိုင်းရင်းသားတွေ ဝိုင်းဝန်းပါဝင်ဖို့ မလွယ်ဘူး။ အဓိကက ကရင်လူမျိုးတွေကိုယ်တိုင် ဘာသာစကားကို ကိုယ်ပိုင်တည်ရှိအောင် ဆောင်ရွက်ဖို့ ဖြစ်တာကြောင့် ကရင်ဘာသာစကားကျွမ်းကျင်သူတွေ ပိုလိုအပ်နေပါတယ်။

မေး။ တက်ရောက်မယ့်သူတွေအတွက် ဘယ်လို အကျိုးရလဒ်တွေ ရနိုင်မလဲ။
ဖြေ။ ဒီအစီအစဉ် တက်ရောက်ရင် Wikipedia တစ်ခုရဖို့ ဘာတွေလို၊ ဘယ်လိုလုပ်ရမလဲ၊ ဘာတွေလုပ်ဆောင်မလဲ၊ အကျိုးကျေးဇူးတွေက ဘာလဲ ဆိုတာ ဖော်ပြပေးမယ်။ Myanmar Wikipedia Community က ဆရာတွေလည်း ဖိတ်ကြားပြီး အစီအစဉ်တွေ ပြုလုပ်ထားတယ်။ ပညာရှင်တွေက တိုင်းရင်းသားအဖွဲ့တွေ ရင်ဆိုင်ခဲ့တဲ့ အခက်အခဲ၊ အကျိုးကျေးဇူးတွေကို ပြောပြမယ်။

မေး။ ဒီလုပ်ဆောင်ချက် အောင်မြင်ရင် ရေရှည်မျှော်လင့်ချက်က ဘာဖြစ်မလဲ။
ဖြေ။ အောင်မြင်ရင် ဘာသာစကားသမိုင်းမှာ မှတ်တမ်းတင်ထားမယ်။ ကမ္ဘာပေါ် Wikipedia အွန်လိုင်း စွယ်စုံကျမ်းတွေကြားက ကရင်ဘာသာစကား တရားဝင်ပါရှိပြီဆိုရင် ဘာသာစကား တိုးတက်မှု၊ အကြောင်းအရာ၊ တည်တံ့မှုတွေ ဘယ်သူမှ ဖျက်ဆီး၍ မရဘူး။ AI ကမ္ဘာမှာလည်း ကျနော်တို့ ဘာသာစကားဟာ အလိုအလျောက် ဖြစ်သွားပြီး အောင်မြင်မှု သမိုင်းရဲ့ နောက်ထပ် မှတ်တိုင် ဖြစ်မယ်။ ဒီအပေါ် အကျိုးကျေးဇူးများစွာ ရှိမယ်။ Wikipedia ရရှိရင် ဆင့်ကဲ တီထွင်မှုတွေ ဖန်တီးနိုင်မယ်။ ဥပမာ ဘာသာပြန်၊ စကားပြော စသည် ထပ်တိုးတီထွင်နိုင်မယ်။ ဒါက ကျနော်တို့ သမိုင်းအတွက် အောင်မြင်မှုကြီး တစ်ခု ဖြစ်သွားမယ်။