သြဂုတ် ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် / တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင်လတစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူက ပြုစုထားသည့် စာရင်းအရ သိရသည်။
ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်၊ နတ်ကြီး၊ ဝင်းတာပန်ကျေးရွာတို့တွင် ဇူလိုင်လ ၁ ရက်မှ ၂၈ ရက်နေ့အထိ KNLA တပ်ရင်း (၂)၊ တပ်ရင်း (၃) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း ၁၅ ကြိမ် ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးသလို ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ (၁) ကေအဲန်ယူ စာရင်းက ဖော်ပြထားသည်။
တိုက်ခိုက်ရာ၌ KNLA ပူးပေါင်းတပ်က စစ်ကောင်စီကို ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်ခြင်း၊ တိုက်ဗုံးနှင့် မိုင်းဆွဲတိုက်ခိုက်မှုအပြင် ထိတွေ့တိုက်ပွဲပုံစံများ စသည့် ပစ်ခတ်မှုပုံစံများဖြင့် တိုက်စစ်ဖော် ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း သထုံခရိုင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များအား ပြောက်ကျားပစ်ခတ်ခြင်း (၆) ကြိမ်၊ တိုက်ဗုံးတိုက်ခြင်း (၁) ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်ခြင်း (၆) ကြိမ်နှင့် ထိတွေ့တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအပြင် စစ်သုံး မော်တော်ယာဉ် (၂) စီးလည်း ပျက်စီးခဲ့ကြောင်း ထိုမှတ်တမ်းက ဖော်ပြပါရှိသည်။
ဖော်ပြပါ တိုက်ခိုက်မှုများအနက် ဇူလိုင်လ ၂၅ ရက်နေ့က ကျိုက်ထိုမြို့နယ်အတွင်း နှစ်ဖက်တိုက်ခိုက်မှု ဖြစ်ပွားစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ခရိုင်၏ လချုပ်မှတ်တမ်းအရ ပြီးခဲ့သည့် ဇွန်လတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပေါင်း (၁၃) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦး သေဆုံးပြီး (၂၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာပတ်လုံး သထုံခရိုင်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပေါင်း (၂၀၀) ကျော် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၂၃၅) ဦး သေဆုံးကာ (၂၅၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ–ဗဟိုက ထုတ်ပြန်ထားသည်။



















