သြဂုတ် ၁၄ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေက္ကိုလ်မြိုင်ကျေးရွာ၌ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၏ မြေးဖြစ်သူမွေးနေ့အထိမ်းအမှတ်အဖြစ် ဆုကြေး သိန်း ၃,၀၀၀ ပါဝင်သည့် ဘောလုံးပြိုင်ပွဲတစ်ရပ်ကို ကျင်းပရန်ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်များကဖော်ပြသည်။
BGF ခေါင်းဆောင်များဖြစ်သူများ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောချစ်သူနှင့် ဗိုလ်မှူးကြီး စောမောင်ဝင်းတို့၏ မြေးဖြစ်သူ၊ အသက်တစ်နှစ်ပြည့်မွေးနေ့ရှင် စောမင်းတည်သစ် (ခ) ကဂျာဖိုးသည် ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးအယ်မူး၏ သားငယ် ဖြစ်သည်။
အဆိုပါ ဘောလုံးဖိတ်ခေါ်ပြိုင်ပွဲကို အမျိုးသား အကြီးတန်းနှင့် အငယ်တန်း ဟူ၍ နှစ်မျိုးခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အကြီးတန်းပြိုင်ပွဲတွင် ပထမဆုအတွက် ဆုကြေးငွေ သိန်း ၂,၀၀၀ ၊ အငယ်တန်းပြိုင်ပွဲတွင် ပထမဆုအတွက် သိန်း ၁,၀၀၀ ဟု သတ်မှတ်ထားသည်။
လက်ရှိအချိန်အထိ အကြီးတန်းအသင်း ၁၉ သင်းနှင့် အငယ်တန်းအသင်း ၃၀ ကျော်မှ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းပြီးဖြစ်ကြောင်း သိရသည်။
အကြီးတန်းပြိုင်ပွဲတွင် ကစားသမားများကို လွတ်လပ်စွာ ခေါ်ယူကစားခွင့်ပြုထားသော်လည်း၊ အငယ်တန်းတွင် ပြည်နယ်အတွင်းရှိ ကစားသမားများသာ ဝင်ပြိုင်ခွင့်ရှိသည်။
လက်ရှိတွင် ဗိုလ်မှူးကြီး စောချစ်သူ၏သား ဗိုလ်ကြီး စောချစ်ချစ်၏ အသင်းမှာ Thaung Ying FC – SKK ဖြစ်ပြီး၊ ဗိုလ်မှူးကြီး စောထူးအယ်မူး၏ အသင်းမှာ တာဒို့ဝါး စစ်ကြောင်း နှင့် ညီမဖြစ်သူ နန်းနှင်းနန္ဒာအေးမှ ARKU’S FC ဟူ၍ ဘောလုံးအသင်းများ ဖွဲ့စည်းထားသည်။
ထိုအသင်းများတွင် ပြည်နယ်အဆင့် လက်ရွေးစင်ကစားသမားများအပြင်၊ မြန်မာနိုင်ငံ နေရှင်နယ်လိဂ်မှ ကလပ်အသင်းများတွင် ပါဝင်ကစားနေသည့် ဆုကြေးစားအားကစားသမားများနှင့် နိုင်ငံခြားသ ားများကိုပါ ခေါ်ယူကစားလေ့ရှိကြောင်း သိရသည်။
ကြေးစားကစားသမားများကို ကြေးမြင့်ခေါ်ယူထားခြင်းကြောင့် ပြိုင်ပွဲအဆုံးတွင် ၎င်းတို့ ဦးဆောင်သည့် အသင်းများကသာ ဆုများ သိမ်းပိုက်လေ့ရှိသည်ဟု လူအများကြား ဝေဖန်မှုများ ရှိနေသည်။
၎င်းအပြင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်လည်း ယင်းပြိုင်ပွဲ၏ ဆုကြေးငွေသည် မြန်မာနိုင်ငံ နေရှင်နယ်လိဂ် ချန်ပီယံဆုကြေးငွေနှင့် နှိုင်းယှဉ်ရာတွင် ပိုမိုမြင့်မားကြောင်း ထင်မြင်ချက်များ ဖော်ပြနေကြသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင်လည်း ဗိုလ်မှူးကြီး စောချစ်သူ၏ ဇာတိနေရာဖြစ်သည့် လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာ၌ ကျင်းပခဲ့သော ရွာဘုံကထိန်အလှူပွဲအတွက် သိန်း ၁,၀၀၀ ဆုကြေးပါဝင်သည့် ဘောလုံးပြိုင်ပွဲ တစ်ရပ်ရှိခဲ့သည်။ သို့သော် ယခုဖိတ်ခေါ်ပြိုင်ပွဲမှာ ဒေသတွင်း၌ ကျင်းပသည့် ဆုကြေးအမြင့်ဆုံး ပြိုင်ပွဲတစ်ခု ဖြစ်လာကြောင်း သိရှိရသည်။
ထို့အပြင် နယ်ခြားစောင့်တပ် (BGF) / ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သားဖြစ်သူများဖြစ်သည့် စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ကို ဆိုက်ဘာရာဇဝတ်မှုများ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများအတွက် အမေရိကန်ဘဏ္ဍာရေးဌာနမှ ၂၀၂၅ ခုနှစ် မေလတွင် ဒဏ်ခတ်ပိတ်ဆို့ထားကြောင်းလည်း သတင်းထုတ်ပြန်ခဲ့သည်။



















