Home ဆောင်းပါး အကြမ်းဖက်မှု စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက် လှန်လှောနေတဲ့ စစ်အုပ်စု

အကြမ်းဖက်မှု စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက် လှန်လှောနေတဲ့ စစ်အုပ်စု

870
အကြမ်းဖက်မှု စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက် လှန်လှောနေတဲ့ စစ်အုပ်စု
မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်)

မင်းအောင်လှိုင်တို့ စစ်အုပ်စုက “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ဆိုတဲ့ အမည် နဲ့ (၃၁-၇-၂၀၂၅) ရက်နေ့က စပြီး အရေခွံလဲလိုက်ပြန်ပြီ။ ဒီကော်မရှင်ရဲ့အထက်မှာ အများက “ကာလုံ”လို့ ခေါ် ကြတဲ့ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ”ရှိတယ်။ အဲဒီ “ကောင်စီနဲ့ကော်မရှင်”ကို ကာချုပ် မင်းအောင်လှိုင်က အလုံးစုံ ချုပ်ကိုင်ထားတယ်။

အဲဒီ “ကောင်/ကော်” စစ်အုပ်စုအောက်မှာ ညိုစောဦးစီးတဲ့ “ပြည်ထောင်စုအစိုးရအဖွဲ့” ဆိုတာ ရှိ တယ်။ ဒီ ညိုစောအစိုးရအဖွဲ့ရဲ့ သက်တမ်းက ၆လပဲ။ အဓိက တာဝန်က လာမယ့် ဒီဇင်ဘာ (၂၀၂၅) နဲ့ ဇန်နဝါရီ (၂၀၂၆) မှာ အထွေထွေရွေးကောက်ပွဲကို အသုတ်လိုက်ခွဲပြီး ကျင်းပပေးဖို့ပဲဖြစ်တယ်။

ပြောချင်တာက အဲဒီလို ကောင်စီတွေ ကော်မရှင်တွေ အစိုးရတွေဖွဲ့တာ အထွေထွေရွေးကောက်ပွဲတွေ ပြုလုပ်တာ စစ်အုပ်စုအနေနဲ့ ပထမဆုံးအကြိမ်လည်း မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ နောက်တစ်ချက်က ဒီလိုလုပ်တာဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ အခြေအနေ အကြောင်းအချက် တွေအပေါ်မှာမူတည်ပြီး လက်ရှိစစ်အုပ်စုဟာ သူတို့ရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို ကျော်လွှားဖို့ လုပ် ဆောင်ရတာဖြစ်တယ် ဆိုတာပါပဲ။

အဲဒီလို အပေါ်ယံသဏ္ဌာန်အရ ကောင်စီတွေ၊ ကော်မရှင်တွေ၊ အစိုးရတွေဖွဲ့ပေမယ့် “အာဏာကို ဘယ်သူ ကိုင်ထားသလဲ ဘယ်သူ့လက်ထဲရှိသလဲ” ဆိုတဲ့ အနှစ်သာရအရဆိုရင် ပုဂ္ဂိုလ်အရ မင်းအောင်လှိုင်က ချုပ်ကိုင် ထားတာဖြစ်ပြီး အဆင့်နေရာအရဆိုရင် “ကာချုပ်” လက်ထဲမှာပဲ ရှိတာဖြစ်တယ်။ ဒါကြောင့် ဒီအပြောင်းအလဲ ကို စကားတစ်ခွန်းထဲနဲ့ တစ်ချက်ထဲနဲ့ပြောရရင် မင်းအောင်လှိုင် ညာဘက်လက်ထဲက အာဏာကို ဘယ်ဘက် လက်ထဲ ပြောင်းကိုင်လိုက်တာမျိုးပဲဖြစ်တယ်။ ပြီးတော့ “ညိုစောအစိုးရ”က ကျင်းပပေးရမယ့် အထွေထွေ ရွေးကောက်ပွဲဆိုတာကလည်း ကာချုပ် မင်းအောင်လှိုင်ကို “သမ္မတ”အဖြစ် ဘိသိတ်မြှောက်ပေးဖို့ ဖန်တီးပေးတဲ့ ရုပ်ပြဟန်ပြ အခင်းအကျင်းပဲ ဖြစ်တယ်။

ဒါကြောင့် အထွေထွေရွေးကောက်ပွဲဆိုတာကို ဖြစ်တဲ့နည်းနဲ့ ဖြစ်အောင်လုပ်မှာဖြစ်တယ်။ အဲဒီလိုလုပ် နိုင်ဖို့ အခုကတည်းက အကြမ်းဖက်ရမ်းကားဖို့ ပြည်နယ် (၆)ခု၊ တိုင်းဒေသကြီး (၃)ခု၊ မြို့နယ် ၆၃ခုမှာ အရေး ပေါ် အခြေအနေ ကြေညာထားတယ်။ ဒါဟာ တကယ်တော့ မင်းအောင်လှိုင်က သူ့ခါးပိုက်ဆောင် လက်မရွံ့စစ် တိုင်းမှူးတွေကို ထင်တိုင်းကြဲကြလို့ အမိန့်ပေးလိုက်တာဖြစ်တယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်” ဆိုတာကိုလည်း မင်းအောင်လှိုင် စိတ်ကြိုက်အသစ် ပြန်လည် ဖွဲ့စည်းလိုက်တယ်။ MEVM ဆိုတဲ့ “မဲလိမ်စက်”ကလည်း အဆင်သင့်ရှိနေပြီ။ ယခုကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကို နိုင်သူအားလုံးယူစနစ် (FPTP)စနစ်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်(MMP- Mixed Member Proportion System) ကို အသုံးပြုဆောင်ရွက်သွားမယ်။ အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်အသုံးတော်ခံကြမယ့် နိုင်ငံရေးပါတီ စုစု ပေါင်း ၅၅ပါတီရှိနေပြီး ၎င်းတို့အနက် တစ်နိုင်ငံလုံး ယှဉ်ပြိုင်မယ့်ပါတီ ၉ ပါတီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေ မှာ ပါတီ ၄၆ပါတီ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆဲပါတီ ၆ ပါတီရှိကြောင်း (၃၁-၇-၂၀၂၅)ရက်နေ့က ပြုလုပ်တဲ့ ကာလုံအစည်းအဝေး(၃/၂၀၂၅)မှာ မင်းအောင်လှိုင်က ထည့် ပြောသွားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနဲ့ အခြား ကန့်သတ်ကွပ်ညှပ်ရေး ဥပဒေတွေကို လည်း ကြိုတင်အသက်သွင်းထားပြီးပါပြီ။

ဒီတော့ ဘာလိုသေးလဲ။
“ညိုစောအစိုးရ”က ကျင်းပပေးမယ့် အထွေထွေရွေးကောက်ပွဲဆိုတာကနေ မင်းအောင်လှိုင် လိုချင်တဲ့ စိတ်ကြိုက်ရလဒ် ထွက်လာဖို့ဆိုတာက အင်မတန်ကို လွယ်ကူလွန်းနေပြီ။ ငှက်ပျောသီး အခွံနွှာတာကမှ ခက်ခဲ နေပါအုံးမယ်။

ပြဿနာက မင်းအောင်လှိုင်လိုချင်တဲ့ “ရွေးကောက်ပွဲရလဒ်”၊ မင်းအောင်လှိုင်ဖြစ်ချင်တဲ့ “သမ္မတ” ဆိုတာတွေဟာ မလုပ်ရဲတာ ဘာမှမရှိတဲ့ စစ်အုပ်စုက ဖြစ်အောင်လုပ်လိမ့်မယ်ဆိုတာကို သံသယနည်းနည်းမှ မရှိပါဘူး။ ဒါပေမယ့် မင်းအောင်လှိုင်တို့ စစ်အုပ်စု လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေ၊ အခက်အခဲတွေ ဟာ လျော့နည်းသွားမှာမဟုတ်ဘဲ ပိုလို့သာ တိုးတက်များပြား ပြင်းထန်လာစရာရှိနေပါတယ်။

မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ ပထမခြေလှမ်းအနေနဲ့ ဩဂုတ်လ ၁ရက်နေ့ကစလို့ ရက်ပေါင်း ၉၀အ တွင်းမှာ စစ်ရေးအရ ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံနဲ့အဝန်းမှာ မတည်ငြိမ်မှုတွေ ပိုပြီး ဖြစ်လာစေမှာပါ။

တကယ်တော့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးဖို့အတွက် အခြေခံအားဖြင့် မရှိမ ဖြစ် လိုအပ်တဲ့ ပတ်ဝန်းကျင် အခြေအနေ၊ ပုံမှန်အခြေအနေဆိုတာဟာ နေပြည်တော်လို ရန်ကုန်လို၊ မန္တလေးလို မြို့ကြီးပြကြီးတွေမှာတောင် တင်းပြည့်ကျပ်ပြည့် ရှိနေတာမဟုတ်ပါဘူး။ တခြားဝေးဝေးကြည့်စရာ မလိုပါဘူး။ သူတို့ စစ်အုပ်စုက အရေးပေါ်အခြေအနေကြေညာထားရတဲ့ ပြည်နယ် (၆)ခု၊ တိုင်းဒေသကြီး (၃)ခု၊ မြို့နယ် ၆၃ခု ကိုပဲ ကြည့်ပေါ့။

ပြည်သူတွေ နိုင်ငံရေးပါတီအတွက် ပုံမှန်အခြေအနေ လုံးဝ မဟုတ်ပါဘူး။ အချိန်မရွေး ဘေးအန္တရာယ် မျိုးစုံ ကျရောက်လာနိုင်တဲ့ အလားအလာရှိနေတဲ့ မရေရာမှုမျိုးစုံ ပြွမ်းတီးနေတဲ့ အခြေအနေပဲ မဟုတ်ပါလား။

ဒီတော့ မင်းအောင်လှိုင်တို့ ကျော်လွှား လှန်လှောနေတဲ့ စာမျက်နှာတွေဆိုတာ ပြည်သူတွေရဲ့ သွေးတွေ စွန်းထင်းနေတဲ့ – စစ်အုပ်စုခါးပိုက်ဆောင်တပ်တွေရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေကို သက်သေခံနေမယ့် တစ် နည်းအားဖြင့် မင်းအောင်လှိုင်စစ်အုပ်စုက မိုက်မိုက်ကန်းကန်း ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင် ထားမယ့် စာမျက်နှာတွေပဲ ဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ပါတယ်။