Home သတင်း မယ်လစခန်းတွင် တရားမဝင် ဆေးလိပ်များကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မယ်လစခန်းတွင် တရားမဝင် ဆေးလိပ်များကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

780
Photo-Mae La

ဩဂုတ် ၂၈၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ တရားမဝင် တင်သွင်းရောက်ချနေသည့် ဆေးပေါလိပ်နှင့်် စီးကရက်များကို ထိုင်းအာဏာပိုင်များက ဩဂုတ် ၂၇ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီး မှုများ ပြုလုပ်ခဲ့သည်ဟု စခန်းရပ်ကွက်တာဝန်ရှိသူများက ပြောသည်။

မြန်မာပြည်ဘက်မှ တင်သွင်းလာသည့် သုခိတာ အမှတ်တံဆိပ် ဆေးပေါလိပ်နှင့်် စီးကရက်များသည် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် အခွန်စည်းမျဉ်းနှင့် ဥပဒေအရ တရားမဝင်ဆေးလိပ်များဖြစ်၍ ယခုလို စစ်ဆေးဖမ်းဆီး သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း စခန်းရှိ ရပ်ကွက်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့မှာ အခွန်မဆောင်တာလား လိုင်စင်မရှိတာလား အဲဒါတွေမရှိရင် သူတို့နိုင်ငံထဲမှာ ရောင်းချခွင့် မပေးဘူး။ ဒါကြောင့် စခန်းထဲမှာ ရောင်းတဲ့ဆိုင်တွေကို ဝင်ရောက်ဖမ်းတာ ဖြစ်တယ်။ လူကိုတော့ မဖမ်းပါဘူး။ အဓိက တရားမဝင် ဆေးလိပ်တွေကိုတော့ သူတို့သိမ်းထားလိုက်တာပေါ့၊ တရားမဝင်တာတွေကို မရောင်းဖို့ တရားဝင်တဲ့ နည်းနဲ့လုပ်ဖို့ အဲလိုတွေပြောတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိလာသူများသည် မြန်မာပြည်မှဖြစ်၍ ဆေးလိပ်သောက်သူ အများစုသည် မြန်မာပြည်ထုတ် ဆေးလိပ်များကိုသာ သောက်လေ့ရှိကြောင်း၊ မြန်မာပြည်နယ်စပ်နှင့် နီး၍ တရားမဝင်လမ်း ကြောင်းမှ တင်သွင်းလာသည့် ဆေးလိပ်များကို ဝယ်ယူပြန်လည်ရောင်းချလေ့ရှိသည်ဟု စခန်းတွင်းနေထိုင်သူ များထံမှ သိရသည်။

လက်ရှိ ဖမ်းဆီးသိမ်းဆည်းခံရသည့် ဆေးလိပ်နှင့် စီးကရက်များသည် တရားမဝင် တင်သွင်းရောင်းချသည့် အတွက် သိမ်းယူခြင်းခံရခြင်း ဖြစ်ပြီး တရားဝင်တင်ပို့ထားခြင်း ဖြစ်ပါက ရောင်းချခွင့် ရှိကြောင်း သိရသည်။

ထို့အပြင် ဩဂုတ် ၂၆ ရက်နေ့တွင် မဲဆောင်မြို့သို့ မြဝတီမှ တစ်ဆင့် တရားမဝင် လမ်းကြောင်းမှ ဝင်လာသည့် ဘတ် ၆၃ သန်းကျော်တန်ဖိုးရှိ ဆေးလိပ်များကို မဲဆောက်မြို့ အကောက်ခွန်ဂိတ်၌ ဖမ်းမိခဲ့သည်ဟု သိရသည်။

လက်ရှိ မြန်မာပြည်ဘက်ခြမ်းတွင်လည်း ထိုင်းမှ ဝင်လာသည့် စားသောက်ကုန်၊ အိမ်သုံးပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများကို အာဏာသိမ်း စစ်အုပ်စုဘက်က သယ်ဆောင်ခွင့်ပိတ်ထားကြောင်း သိရသည်။