Home သတင်း စပါးအရောင်းအဝယ်အေး၍ စပါးအစားထိုး သီးနှံပိုမိုစိုက်ပျိုးရန် စိုက်တောင်သူများ စဉ်းစားလာနေ

စပါးအရောင်းအဝယ်အေး၍ စပါးအစားထိုး သီးနှံပိုမိုစိုက်ပျိုးရန် စိုက်တောင်သူများ စဉ်းစားလာနေ

649

ဩဂုတ် ၂၈ ရက်၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ

စပါး အဓိက စိုက်ပျိုးလုပ်ကိုင်ကြသည့် ဧရာဝတီတိုင်းအတွင်း စပါးစျေး မကောင်းသောကြောင့် အရောင်း အဝယ်အေးနေပြီး စပါးထက်အခြားသော အစားထိုးသီးနှံများကို စိုက်ပျိုးရန် ပိုမိုစဉ်းစားလာကြကြောင်း ဧရာဝတီတိုင်းက စပါးစိုက်တောင်သူများထံမှ သိရသည်။

ယခင်နှစ်များက စပါးတင်းတစ်ရာကို ကျပ် ၁၆ သိန်းကနေ ၁၈ သိန်းအထိ ပေးဝယ်ယူ သိုလှောင်ထားသော်လည်း ယခုနှစ်အတွင်း ကျပ် ၁၃ သိန်းသာရှိနေသည်။ ထိုအခြေအနေကြောင့် စပါးဝယ်ယူသိုလှောင်သူများအနေဖြင့် အရောင်းအဝယ် မလုပ်နိုင်ကြဘဲ ဒီထက် စျေးပိုကျမှာကို စိုးရိမ်နေရကြောင်း ပန်းတနော်မြို့နယ် စပါးစိုက်တောင်သူ မန်းရွှေဝင်းက ပြောသည်။

“ဒီနှစ်က စပါးစျေး လုံးဝ မရှိဘူး။ မနှစ်က စပါးဝယ်လှောင်ကြတဲ့သူတွေ စျေးမရတော့ မရောင်းကြဘူး။ လာဝယ်တဲ့သူလည်း မရှိဘူး။ အခုက နိုင်ငံရေးအခြေအနေအရလမ်းပန်းဆက်သွယ်ရေးတွေ မကောင်းတော့ ပြည်ပကို မတင်ပို့နိုင်ကြတော့ စျေးမရတော့ လာဝယ်ကြတာတွေ သိပ်မရှိတော့ဘူး။ ဒီက စပါးလှောင်တဲ့သူတွေကလည်း ဝယ်လှောင်ရတဲ့စျေးထက် မရတော့ အရှုံးခံပြီး မရောင်းချင်ကြဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

လာမည့်လအတွင်း မိုးစပါးရိတ်သိမ်းချိန် ရောက်လာပြီးဖြစ်သောကြောင့် စပါးစျေးမှာ ၈ သိန်းဝန်းကျင်၊ ၁၀ သိန်းအောက် ကျနိုင်၍ စပါးစိုက်တောင်သူများအနေဖြင့် စပါးစျေးမရရှိမှာကို စိုးရိမ်နေကြသည်။ ထို့ကြောင့် လာမည့်နှစ်အတွင်း စပါးထက် အစားထိုး ပြောင်းနှင့် ငါးကြီးအံဖတ် သီးနှံများကို ပိုမိုစိုက်ပျိုးလာဖို့ စဉ်းစားနေကြကြောင်း မန်းရွှေဝင်းက ဆက်ပြောသည်။

“အခုက စပါးစျေးက မရတော့ ဆောင်းစပါးကို ဘယ်သူမှ မလုပ်ချင်ကြတော့ဘူး။ စပါးစျေးထက် စပါးစိုက်စရိတ်က ပိုကြီးနေတာ။ စပါးစျေးသာ တစ်သိန်းမပြည့်တာ၊ အခုက ဓါတ်မြေဩဇာတစ်အိတ်ကို တစ်သိန်းကျော် ပေးရတာ၊ ဘယ်လိုလုပ်လုပ်နိုင်တော့မလဲ။ အခုဆို ကုမ္ပဏီတွေကတော့ ရွာတွေကို မဆင်းလာကြတော့ဘူး” ဟု မန်းရွှေဝင်းက ဖြည့်စွက်ပြောသည်။

Photo : Social Media

ဧရာဝတီတိုင်းအတွင်းမှာ စပါးကို အဓိကအားထား စိုက်ပျိုးကြပြီး၊ ဒေသနှင့် ရာသီဥတုအပေါ် မူတည်ကာ မိုးစပါး၊ ဆောင်းစပါး စိုက်ပျိုးသည့် ပုံစံကွဲပြားသည်။ အချို့ဒေသများတွင် ရွှေခရု ဝင်ရောက် ဖျက်ဆီးမှုများလာသောကြောင့် ယခုအချိန်ထိ စပါးစိုက်နေရသည့် ဒေသများလည်းရှိနေသေးကြောင်း မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အခုချိန်ထိ ကောက်စိုက်နေတုန်းပဲ တချို့က။ ရွှေခရု ကိုက်လို့ စိုက်လိုက်၊ ရွှေခရုစားလို့ကုန်လိုက်။ ဒီဘက် လပွတ္တာသွားတဲ့ လမ်းဘေးဝဲယာမှာဆို မိုးရွာမှ ကောက်စိုက်လို့ရတာ။ ဩဂုတ်လမှာ ရက်ရှည်နေပူတော့ ကောက်စိုက်နေရတုန်း။ ခုထိ စပါးစျေးက မရှိတော့၊ စပါးပေါ်ချိန် စျေးမရှိမှာကို ကြိုတွေးပြီး ရင်လေးနေကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဧရာဝတီတိုင်းတွင် ဒေသအပေါ် မူတည်ပြီး စပါးစိုက်ပျိုး အသက်မွေးဝမ်းကျောင်းသလို၊ အချို့ဒေသများတွင် ပဲ၊ ပြောင်း၊ ငရုပ် နှင့် အခြားသီးနှံများကို စိုက်ပျိုး အသက်မွေးကြပြီး၊ ပင်လယ်နှင့် မြစ်ကမ်းနံဘေး နေထိုင်သူများအနေဖြင့် ရေလုပ်ငန်းများကို လုပ်ကိုင်ကြသည်။