Home သတင်း စစ်သုံ့ပန်းများကို ကောင်းစွာထားပြီး ဆန္ဒအတိုင်းစီစဉ် ပေးနေဟု ကေအဲန်ယူပြော

စစ်သုံ့ပန်းများကို ကောင်းစွာထားပြီး ဆန္ဒအတိုင်းစီစဉ် ပေးနေဟု ကေအဲန်ယူပြော

645
Photo: KNU

ဩဂုတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း ဇူလိုင်လကုန်ပိုင်း တိုက်ပွဲများအတွင်း ဖမ်းမိ စစ်သုံ့ပန်း ၂၆ ဦးကို ကောင်းစွာထားရှိပြီး ဆန္ဒအလျောက် စီစဉ်လုပ် ဆောင်ပေးထားသည်ဟု ကေအဲန်ယူ(ဗဟို)က ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါခရိုင် မူး(မုန်း) မြို့နယ်၊ တောင်စုကျေးရွာ၌ စစ်ကြောင်းထိုး အထိုင်ချထားသည့် စစ်ကော်မရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နှင့်ပူးပေါင်းတပ်တို့က ဇူလိုင် ၂၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၂၃ ဦးကို လက်နက်ခဲယမ်းအများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ တပြိုင်တည်း လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ တော်ဝိကျေးရွာ တိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃ ဦးကို စစ်သုံ့ပန်း အဖြစ်ဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း စစ်သုံ့ပန်း ၂၆ ဦး ဖြစ်ပြီး ၎င်းတို့ကို KNLA တပ်ရင်း ၉ နေရာ၌ ကောင်းမွန်စွာ ထားရှိသည်ဟု ကေအဲန်ယူက ပြောသည်။

ယခုလို ဖမ်းမိ စစ်သုံ့ပန်းများကို ကေအဲန်ယူ၏ အများပြည်သူ လွတ်မြောက်ရေးအတွက် ချမှတ် လုပ်ဆောင်နေ သည့် နိုင်ငံရေးမူဝါဒ လမ်းစဉ်များကို ရှင်းလင်း ပြောဆိုပြီး ၎င်းတို့ ဆန္ဒကို မေးမြန်းကာ အလုပ်ရှာဖွေပေးခြင်း၊ သွားလိုသည့် နေရာသို့ ပို့ဆောင်ခြင်းနှင့် ပြန်လိုသူများကိုလည်း ပြန်လွှတ်ပေးခြင်းများ လုပ်ဆောင်ပေးထားသည် ဟု ခရိုင်တာဝန်ရှိသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: KNU

“သူတို့ (စစ်သုံ့ပန်း ၂၆ ဦး) မှတ်သားလိုက်လုပ်တဲ့အပေါ်မှာပဲ ကြည့်ပြီးတော့ ပြည်သူတစ်ယောက်အနေနဲ့ သတ်မှတ်ပြီး၊ မှတ်ယူပေးတယ်။ ဆန္ဒရှိသလို စီစဉ်ပေးထားတယ်” ဟု ခလယ်လွီထူခရိုင် တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအများစုသည် အာဏာသိမ်းစစ်တပ်က အတင်းအကြပ် စစ်မှုထမ်း တပ်သားသစ် အဖြစ် ခိုင်းစေခံရသူများဖြစ်ကြသည့်အပြင် စစ်မှုထမ်းသက်တမ်းပြည့် စစ်သားများလည်းပါဝင် သည်ဟု ကေအဲန်ယူက ပြောသည်။

ဖမ်းမိ စစ်သုံ့ပန်းများကို ကိုယ်ရေးအချက်အလက်ရယူကာ ကောင်းစွာ ထားရှိပြီး ၎င်းတို့ဆန္ဒအတိုင်း စီစဉ် လုပ်ဆောင်ပေးနေသော်လည်း စစ်ကော်မရှင်တပ်ကမူ အင်တာနက်လူမှုကွန်ရက် စာမျက်နှာများ၌ မမှန်ဝါဒ ဖြန့် သတင်းများ ထုတ်လွှင့်လျက်ရှိသည်ကို သတိပြုရန် ကေအဲန်ယူက ကြိုတင်အသိပေးလိုသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။