ဩဂုတ် ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးအပါအဝင် ပတ်သက်ဆက်နွယ်သူအဖွဲ့၊ လူပုဂ္ဂိုလ်မှန်သမျှကို အကြမ်းဖက်အုပ်စု၊ မတရားအသင်းအဖြစ် အာဏာသိမ်းစစ်အုပ်စုက ကြေညာခြင်းကိစ္စ မထူးဆန်းဟု ကေအဲန်ယူ ပြောခွင့်ရ ပဒို စောကလယ်စေးက တုံ့ပြန်ပြောသည်။
စစ်အုပ်စုက မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ကြရန် ကေအဲန်ယူ-ဗဟိုက တရားဝင်စာ ထုတ်ပြန်ပြီးနောက်၊ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်နေ့) တွင် ကေအဲန်ယူနှင့် မဟာမိတ်အဖွဲ့၊ လူပုဂ္ဂိုလ်မှန်သမျှအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ကြောင်း အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“စစ်အုပ်စုကတော့ ဒီလိုပဲစွပ်စွဲတာပဲ။ စွပ်စွဲစရာမရှိတော့ရင် သူ့မိသားစုဝင်တွေကိုတောင် အကြမ်းဖက်အဖွဲ့အနေနဲ့ ပြန်ကြေညာနိုင်တဲ့အနေအထားလည်း တွေ့မြင်ရမယ်။ ကျနော်တို့ကို အကြမ်းဖက်အဖြစ် စွပ်စွဲတာ မထူးဆန်းဘူး။ သူက ပြည်သူ ဒုက္ခရောက်အောင် လုပ်မယ်။ သူ့ကို မတော်လှန်ရဲဘူးဆိုပြီး မီဒီယာကနေ ကျနော်တို့ကို စွပ်စွဲတာ လုပ်ထုံးလုပ်နည်းပဲ” ဟု ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။
နိုင်ငံနှင့် ပြည်သူပိုင် အဆောက်အအုံ၊ လမ်း၊ တံတားများကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ပြည်သူ့အသက်အိုးအိမ်ကို ရန်ရှာတိုက်ခိုက်ခြင်းအတွက် ကေအဲန်ယူအား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်ဟု စစ်အုပ်စု၏ ထုတ်ပြန်ချက်၌ စွပ်စွဲထားခြင်း ဖြစ်သည်။ လတ်တလောတွင်လည်း အာရှလမ်းမကြီးကို စစ်အုပ်စုအသာစီးမရရေး ကေအဲန်ယူလက်အောက်ခံ မဟာမိတ်ပူးပေါင်းတပ်များနှင့် ကော့ကရိတ်-မြဝတီလမ်းတစ်လျှောက် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
၂၀၂၄ မှ ၂၀၂၅ ခုနှစ် ဇူလိုင်အထိ တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် တစ်ထောင်ကျော်ကို စစ်အုပ်စု ကျူးလွန်ခဲ့သည်။ ထိုအထဲတွင် ကေအဲန်ယူ အုပ်ချုပ် နယ်မြေများရှိသည့် တောင်ပိုင်းဒေသများတွင် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ပြည်သူများ သေဆုံးခဲ့ရကြောင်းလည်း မြန်မာငြိမ်းချမ်း ရေးစောင့်ကြည့်သည့်အဖွဲ့များက မှတ်တမ်းထင်ထားသည်။

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရပြီးနောက် တောင်ပိုင်း ကေအဲန်ယူ ထိန်းချုပ်ဒေသတွင် စစ်အုပ်စု၏ တိုက်ခိုက်မှုများ ပိုတိုးလုပ်ဆောင်လာနိုင်ကြောင်းလည်း ပဒို စောကလယ်စေးက သုံးသပ်ပြောဆိုသွားသည်။
၎င်းက “ဥပဒေအထက်မှာ သူတို့ (စစ်အုပ်စု) ရှိတယ်ဆိုပြီး လုပ်ချင်တာလုပ်မယ်။ မအောင်မြင်ရင် မီးကုန် ယမ်းကုန်လုပ်မယ်ဆိုတာ ကြိုတင်သိထားပြီးသားပါ။ တားမြစ်ကုန်ကိစ္စကိုပဲကြည့် ပြည်သူကို ရည်ရွယ်ပြီးလုပ်တာ၊ ပြည်သူ ဒုက္ခရောက်လေလေ၊ တော်လှန်ရေးအင်အားစုတွေ ဒုက္ခရောက်လေလေ ဆိုတဲ့အတွေးနဲ့ လုပ်တာ” ဟု ပဒို စောကလယ်စေးက ပြောသည်။
၁၉၄၉ ခုနှစ်၊ ကရင်တော်လှန်ရေး စတင်ပြီးလပိုင်းအကြာတွင် ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ – KNDO ကို မတရားအသင်းအဖြစ် ဖဆပလအစိုးရက ကြေညာခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် – NCA မထိုးခင် အောက်တိုဘာ ၁၂ နေ့တွင် ကေအဲန်ယူ – ကရင်အမျိုးအစည်းအရုံးကို မတရားအသင်းအဖြစ်မှ ဦးသိန်းစိန်အစိုးရက ပယ်ဖျက်ပေးခဲ့သည်။
အာဏာသိမ်းထားသည့်ကာလအတွင်း စစ်ကောင်စီက မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။



















