Home သတင်း မလေးရှားတွင် ကျင်းပသည့် မြန်မာ့အရေးအစည်းအဝေးသို့ K2C တက်ရောက်

မလေးရှားတွင် ကျင်းပသည့် မြန်မာ့အရေးအစည်းအဝေးသို့ K2C တက်ရောက်

910
Photo: Internet

ဩဂုတ် ၆ ရက်၊ ၂၀၂၅၊ ကေအိုင်စီ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဩဂုတ်လ (၄) ရက်မှ (၇) ရက်နေ့အထိ ကျင်းပ နေသည့် မြန်မာ့အရေးသက်ဆိုင်သူများအားလုံးပါဝင်သော အစည်းအဝေး (Stakeholders Engagement Meeting on Myanmar – SEM) သို့ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့ -K2C ပါဝင်တက်ရောက်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထွက်ပေါ်လာသည်။

အဆိုပါအစည်းအဝေးတွင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီပြည်တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ကိုယ်စားပြုသော K2C အပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံရေးအဖွဲ့များ၊ အညာဒေသနိုင်ငံရေးအဖွဲ့များနှင့် တော်လှန်ရေးဦးဆောင်အဖွဲ့များလည်း တက်ရောက်ကြောင်း သိရှိရသည်။

KNU ပါဝင်သည့် K2C သွားတက်ရောက်ခြင်းရှိမရှိကို မေးမြန်းရာတွင် အဖွဲ့အစည်းပြောခွင့်ရ နိုင်ငံခြားရေးဌာနမှူး ပဒိုစောတောနီးက “ဒီလိုအစည်းအဝေးတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံခေါင်း ဆောင်တွေနဲ့ချိတ်ဆက်ပြီး တက်လာခဲ့ကြတာပါ။ သို့သော် အပြင်မှာ ချပြဖို့ အချိန်မရောက်သေးလို့ ဘာမှ မထုတ်ပြန်တာပါ။ အချိန်တန်ရင်တော့ ချပြသွားမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်ကော်မတီမှ လူမှုကွန်ရက်တွင် ထုတ်ပြန်လာသည့် ဖိတ်ကြားစာတစ်စောင်မှတဆင့် မလေးရှားနှင့် အာဆီယံက ကြေညာမထားသော အစည်းအဝေးတစ်ရပ် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးအဖွဲ့ ကိုယ်စားလှယ်တချို့က ဆိုသည်။

NLD ၏ ဩဂုတ်လ (၃) ရက်နေ့က ထုတ်ပြန်ချက်တွင်တော့ အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်၏ ဖိတ်ကြားချက်အပေါ် “ပြည်ပ ခရီးသွားလာရေးအခက်အခဲ” ကြောင့် မတက် ရောက်နိုင်ကြောင်း တုံ့ပြန်ထားသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အပစ်ခတ်ရပ်စဲရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကိစ္စရပ်များ ကို ဆွေးနွေးမည်ဖြစ်ကြောင်း သွားတက်သူအဖွဲ့များထံမှ သတင်းထွက်ပေါ်လျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပသော အာဆီယံအရေး ပေါ်အစည်းအဝေး၌ မြန်မာနိုင်ငံအရေးအတွက် ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့သည်။ ထိုသဘောတူညီချက်အကောင်အထည်ဖော်ရေးအတွက် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် လာအိုတို့ တာဝန်ယူခဲ့သော်လည်း လက်ရှိအလှည့်ကျဥက္ကဋ္ဌ မလေးရှားသို့ ရောက်ရှိလာသည့်အထိ တိုးတက်မှုမရှိသေးကြောင်း လေ့လာသူများက ပြောကြသည်။

ထို့အပြင် အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့် သက်ဆိုင်သည့် အလွတ်သဘောဆွေးနွေးပွဲများအပြင် တရားဝင်တွေ့ဆုံမှုများကိုပါ စစ်ကောင်စီဘက်က တာဝန်ရှိသူများ၊ အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့် တော်လှန်ရေးအင်အားစု ကိုယ်စားလှယ်များနှင့် အာဏာသိမ်းပြီးနောက်ကာလအတွင်း ပြုလုပ်ခဲ့သည်။

ယခု မလေးရှားတွင် လေးရက်တာ ပြုလုပ်ကျင်းပနေသည့် အစည်းအဝေးသည် အာဆီယံဘုံ သဘောတူညီချက် အကောင်အထည်ဖော်ရေး တာဝန်ယူထားသည့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် – တန်စရီအော့သ်မန်ဟာရှင် ၏ ဦးဆောင်မှုဖြစ်ကြောင်း NLD ထုတ်ပြန်ချက်အရ သိရသည်။