Home သတင်း မြဝတီတွင် ကုန်ကူးဂိတ် ကမ်းနာရပ်ကွက်တချို့ သောင်ရင်းမြစ်ရေ စကြီး

မြဝတီတွင် ကုန်ကူးဂိတ် ကမ်းနာရပ်ကွက်တချို့ သောင်ရင်းမြစ်ရေ စကြီး

654
Photo: CJ

ဇူလိုင် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဝီဖာမုန်တိုင်း အရှိန်ကြောင့် မိုးများစွာရွာသွန်းနေသည့်အတွက် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ရေသည် မြဝတီမြို့ စိုးရိမ်ရေမှတ်ကျော်လွန်ကာ ယနေ့ မွန်းလွဲပိုင်းတွင် BGF ကုန်စည်ကူးဂိတ်နှင့် ကမ်းအနီးရပ်ကွက်များ ရေစကြီးနေပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုလို မြဝတီ ရပ်ကွက်တချို့ ရေစကြီးလာ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်လုပ်ဆောင် နေသည်ဟု လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“ဒီမနက် ၁၁ နာရီ မှာ စိုးရိမ် ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လာပြီ၊ ဝေါလေဂေါ်လီချောင်း တောင်ကျ ရေတစ်အား ဆင်းလာပြီ။ ညနေဆို မိုးကုတ်တို့ ကြံခင်းတို့ ခွန်ဆာဝင်းတို့၊ ရေမြုတ်တော့မယ်။ BGF ကုန်ကူး၊ ကမ်းကူး ဂိတ်တွေ ဂိုထောင်တွေ မြုတ်ပြီး။ ၁ ဂိတ်၊ ၁၀ ဂိတ်၊ ၁၃ ဂိတ်တွေ ရေစီးသန်နေတော့ လှေမကူးနိုင် တော့ဘူး”ဟု ၎င်းက မွန်းလွဲပိုင်းတွင်ပြောသည်။

လက်ရှိ မြဝတီမြိုတွင် မိုးရေချိန်လက်မ ၅၀ မီလီမီတာ မှ ၈၀ မီလီမီတာ အထိ မိုးရွာသွန်း လာနိုင်သည်ဟု မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့အပြင် မြဝတီ မြို့ပေါ်တွင် တယ်လီဖုန်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေသည့်အတွက် ရေးဘေးကူညီကယ်ဆယ်ရေး အစီအစဉ်များ အချိတ် အဆက်မရ နိုင်သည့် အခက်အခဲများကြုံတွေ့လာနိုင်၍ ကမ်းနီးနေသူများ ကြိုပြောင်းရွှေ့ကြရန် နိုးဆော်မှုများ ပြုလုပ်နေ သည်ဟု သိရသည်။

Photo: CJ

မြဝတီတွင် ရေဘေးကယ်ဆယ်ရေး ယာယီစခန်းများကို ဓ‌မ္မံရန်အောင်ဘုန်းကြီးကျောင်း၊ ဓိဌာန်အောင် ဓမ္မာရုံ၊ ဇေယျသိဒ္ဒိ ဓမ္မာရုံ၊ တောရကျောင်းဘုန်းကြီး ကျောင်းတိုက်၊ ဟေမာန်ဦး ဘုန်းကြီးကျောင်းတိုက်၊ ကြခေတ္တာ ဘုန်းကြီး ကျောင်းတိုက်၊ ကျောက်လုံးကြီးဘုန်းကြီးကျောင်း၊ ကိုးန၀င်းဘုန်းကြီးကျောင်း၊ ကျောက်လုံးကြီး (MoU) ပြန်လည်ထူထောင်ရေး၊ ဖားခြောက်ကောင်ဘုန်းကြီးကျောင်း နေရာများတွင် စီစဉ်ဖွင့်လှစ်ထားသည်ဟု လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုလည်းလှေနဲ့ လိုက်ခေါ် ပြီး ရွေ့ပေးနေတာ စလုပ်နေတယ်။ ညဘက်ရောက်မှဆို လိုက်ကယ်ပေးဖို့ မလွယ် ဘူး” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကုန်းမြင့်နေ ရပ်ကွက်များတွင် တောင်ကျမိုးရေ စီးဆင်းမှုကြောင့် မြေပြို၊ အိမ်ပြို၊ သစ်ပင်၊ လမ်းမီးတိုင် ပြိုကြမှုများ ရှိလာနိုင်၍ အပြင်ထွက်သွားလာမှုများ သတိပြုသွားလာနေထိုင်ရန် မြို့တွင်း၌ လိုက်လံ သတိပေးနေကြောင်း သိရသည်။